
မကွေးတိုင်း ပခုက္ကူမြို့နယ်မှာ မတ် ၁၅ ရက်က စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်သား ၅ ယောက် သေဆုံးခဲ့သလို ခဲယမ်းတွေနဲ့ စစ်အသုံး အဆောင်တချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
ပခုက္ကူအနောက်ခြမ်းမှာရှိတဲ့ ကန်တော်ရွာကနေ ညောင်ဂျစ်ပင်ပျူရွာဘက်ကို အင်အား ၇၀ နီးပါး လောက်နဲ့ ထွက်လာကြတဲ့ ရန်သူ့စစ်ကြောင်းကို မတ် ၁၅ ရက် မနက်ပိုင်းမှာ ကြားဖြတ် တိုက်ခိုက် ခဲ့တာလို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။
“မျက်မြင်တွေ့ရတာ သူတို့ဘက်က ၅ ယောက်သေပါတယ်။ ဒဏ်ရာရတာ ၇ ယောက်ထက် မနည်းရှိပြီး ကန်တော်ရွာဘက်ကို ပြန်ဆုတ်သွားကြတယ်။”
ကန်တော်ကျေးရွာဘက်ကို ပြန်ဆုတ်သွားကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒဏ်ရာရရှိခဲ့သူတွေ ကို အရပ်ဘက်မော်တော်ယာဥ်တွေကို ချောဆွဲပြီး ပခုက္ကူဘက်ကို ပို့ဆောင်ခဲ့ပါတယ်။
ကမ္မတပ်ပေါင်းစုရဲ့ တာဝန်ခံက “အဲ့ဒိစစ်ကြောင်းက ကမ္မမြို့နယ်ရဲစခန်း၊ ကန်တော်ရွာစခန်းနဲ့ ညောင်ဂျစ်ပင်ပျူစခန်းတွေကို လှည့်လည်သွားလာနေတဲ့ စစ်ကြောင်းဖြစ်တယ်။ ကန်တော်ရွာကနေ စစ်ကြောင်းထွက်မယ်ဆိုတာ သတင်းရလို့ လမ်းကနေ စောင့်နေရင်း အဲ့ဒိနေ့မနက် ၅ နာရီလောက်မှာ တိုက်ပွဲ စဖြစ်တာမနက် ၁၁ နာရီလောက်အထိပါပဲ။ ၄ နာရီလောက်ကြာခဲ့တာပေါ့။ သူတို့ဘက်က အထိနာပြီး ပြန်ဆုတ်သွားကြပြီး တိုက်ပွဲဖြစ်ခဲ့တဲ့နေရာကို နယ်မြေရှင်းလင်းရေးလုပ်တဲ့အခါမှာ ခဲယမ်းတချို့နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တာပါ” လို့ DVB ကို ပြောပါတယ်။
အဲဒီစစ်တပ်စစ်ကြောင်းကို ကမ္မတပ်ပေါင်းစု၊ မြိုင်ပကဖ၊ ပေါက်ပကဖ၊ ABSDFနဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တို့ ပူးပေါင်းပြီး ခြုံခိုတိုက်ခိုက်တာတွေနဲ့ မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။










