
ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေ ထိုင်းအမည်ခံပြီး စီးပွားရေးဝင်လုပ်နေတာ၊ မြေယာတွေ ဝယ်ယူနေတာတွေကို စစ်ဆေးနှိမ်နင်းဖို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ်က ညွှန်ကြားပြီးတဲ့နောက် ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင်က တာဝန်ရှိသူတွေဟာ ဒီကနေ့ မေ ၁၃ ရက် မနက်ပိုင်းက ကော်ဖငန်းကျွန်းမြို့နယ်ထဲ သွားရောက်စစ်ဆေးပြီး ပါဝင်ပတ်သက်သူအချို့ကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံရဲတပ်ဖွဲ့ ဒုရဲချုပ် ဆာမ်ရန်း နွန်းမား ဦးဆောင်တဲ့ ခရိုင်ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးတပ်ဖွဲ့၊ ဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့၊ အမှတ် ၈ တိုင်းဒေသရဲတပ်ဖွဲ့ စတဲ့ အဖွဲ့ပေါင်းစုံက တာဝန်ရှိသူ စုစုပေါင်း အင်အား ၂၆၆ ယောက်ဟာ ဒီကနေ့မနက်က ကော်ဖငန်းကျွန်းမြို့ရှိ နေရာပေါင်း ၅ နေရာကနေ ကုမ္ပဏီ ၃၂ ခုကို သွားရောက်စစ်ဆေးခဲ့တယ်လို့ တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။
အဆိုပါ ၅ နေရာမှာ ဥပဒေရေးရာဌာန၊ ငွေစာရင်းဌာန၊ နေရပ်မှတ်ပုံတင်ဌာနနဲ့ ကုမ္ပဏီနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းဌာနတွေဖြစ်ပြီး အဲဒီဌာနတွေကနေ ကုမ္ပဏီပေါင်း ၃၂ ခုဆိုင်ရာ အချက်အလက်တွေကို စစ်ဆေးခဲ့တယ်၊ အဓိကမှာ ဥပဒေနဲ့အညီ ဖွင့်လှစ်ထားခြင်း ရှိ မရှိ၊ အစုရှယ်ယာ ပါဝင်သူ၊ အမြတ်ရှယ်ယာခွဲဝေမှု၊ ဝင်ငွေထွက်ငွေလမ်းကြောင်း၊ ဒီဂျစ်တယ်လ်ဆိုင်ရာ အချက်အလက်နဲ့ လုပ်ငန်းကိုင်ငန်းနဲ့ ပတ်သက်တာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေရဲ့ ကနဦးစုံစမ်းချက်အရ ကော်ဖငန်းမှာ လုပ်ငန်းရှင်ပေါင်း ၃,၇၅၄ ယောက်၊ နိုင်ငံခြား အစုရှယ်ယာ ပါဝင်သူ ၂,၃၈၁ ယောက်နဲ့ စစ်ဆေးရမဲ့ ကုမ္ပဏီပေါင်း ၂၄၃ ခု ရှိတယ်၊ ဒီကနေ့ စစ်ဆေးခဲ့တဲ့ ကုမ္ပဏီ ၃၂ ခုမှာ ထိုင်းနိုင်ငံသားအမည်ခံ (နိုမီနီ) ကုမ္ပဏီ ၂၇ ခု တွေ့ရှိပြီး နိုင်ငံခြားသားက ထိုင်းနိုင်ငံသားအမည်နဲ့ ဝယ်ယူထားတဲ့ စုစုပေါင်း တန်ဖိုး ဘတ်သန်းပေါင်း ၁၅၀ ရှိ မြေကွက်ပေါင်း ၃၇ ကွက်ကို တွေ့ရှိတယ်လို့ ဆိုပါတယ်။
အဆိုပါကုမ္ပဏီတွေဟာ ကွန်ရက်ချိတ်ဆက်ပုံစံနဲ့ လုပ်ကိုင်တယ်၊ ငွေဝင်လမ်းကြောင်းကို ဖုံးကွယ်ဖို့အတွက် နိုင်ငံခြားသားက ရင်းနှီးငွေကို ထိုင်းနိုင်ငံသားအမည်နဲ့ အစုရှယ်ယာဝင်ပြီး ကုမ္ပဏီ ထောင်တယ်၊ အမည်အမျိုးမျိုးနဲ့ ကုမ္ပဏီထောင်ပေမဲ့ အသုံးပြုထားတဲ့ နေရပ်လိပ်စာ၊ မှတ်ပုံတင်နံပါတ်တွေက တူညီနေတယ်၊ အမြတ်အစွန်း ဆိုတဲ့ငွေတွေကို အဆင့်ဆင့်ခွဲဝေပေးကြောင်း စစ်ဆေးတွေ့ရှိတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီကနေ့ မေ ၁၃ ရက်မှာ ကုမ္ပဏီအမည်ခံ ထိုင်းနိုင်ငံသား ၃ ယောက်နဲ့ နိုင်ငံခြားသားတယောက်တို့ကို ဖမ်းဆီးထားပြီး နောက်ထပ်လည်း စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် ဆောင်ရွက်သွားမယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
Source: Matichon / Daily News










