DVB Logo
Home
မြန်မာသတင်း
ကရင်နီ ဒုက္ခသည်များ အလုပ်လုပ်ခွင့်ရသော်လည်း ဘာသာစကားနှင့် မကျွမ်းကျင်မှုကြောင့် လုပ်ခ အပြည့်မရ
မောရစ်
·
May 12, 2026
Photo: DVB
Photo: DVB
Donate to DVB

ထိုင်း-မြန်မာနယ်စပ် မဲဟောင်ဆောင်ခရိုင်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် ၁ က ဒုက္ခသည်တွေကို ထိုင်းအစိုးရက နှစ် ၄၀ အတွင်း ပထမဆုံးအကြိမ် စခန်းပြင်ပကို ထွက်ခွာအလုပ်လုပ်ကိုင်ခွင့် ပြုထားပေမဲ့ ဘာသာစကားနဲ့ လုပ်ငန်းကျွမ်းကျင်မှု အားနည်းချက်တွေကြောင့် စာချုပ်ပါအတိုင်း လုပ်အားခ မရရှိဘဲ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

လူဦးရေ ၉,၀၀၀ ကျော်ရှိတဲ့ ကရင်နီဒုက္ခသည်စခန်း အမှတ် ၁ က ဒုက္ခသည်တွေကို ထိုင်းအစိုးရက ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကစပြီး အသက် ၁၈ နှစ်ကနေ ၅၅ နှစ်ကြားရှိတဲ့သူတွေကို အပြင်ထွက် အလုပ်လုပ်ခွင့် ပြုခဲ့ပါတယ်။

လက်ရှိ အမှတ် ၁ စခန်းထဲက လူဦးရေ ၂၀၀ ကျော်ဟာ ထိုင်းနိုင်ငံရဲ့ ခရိုင် ၄၄ ခရိုင်ထဲက စိုက်ပျိုးရေးနဲ့ ဆောက်လုပ်ရေးကဏ္ဍတွေမှာ အလုပ်သွားလုပ်နေကြပြီလို့ အမှတ် ၁ စခန်းဥက္ကဋ္ဌ ကိုစိုင်းလုံက ပြောပါတယ်။

နှစ် ၄၀ အတွင်းမှာ ဒါဟာ ပထမဆုံးအကြိမ် အပြင်ထွက် အလုပ်လုပ်ရတာ ဖြစ်တဲ့အတွက် လူငယ်အများစုဟာ ဘာသာစကားနဲ့ လုပ်ငန်းအတွေ့အကြုံ မကျွမ်းကျင်မှုတွေ ကြုံတွေ့နေရပြီး အဲဒီအပေါ်မှာ အလုပ်ရှင်တွေက သတ်မှတ်ထားတဲ့ လုပ်အားခအတိုင်း အပြည့်မပေးဘဲ တရက်ကို နေ့စားခ ဘတ် ၃၀၀ အောက်သာ ပေးချေမှုတွေ ရှိနေတယ်လို့ ကိုစိုင်းလုံက ဆက်ရှင်းပြပါတယ်။

“ကျနော်တို့က တောင်ပေါ်သားဆိုတော့ နေ့စားက ထိုင်းလူမျိုးလောက်တော့ မရဘူး။ အနည်းဆုံးက အမှန်မှန်ဆို နေ့စားက သူတို့သတ်မှတ်ထားတာ အနည်းဆုံး ၄၀၀၊ ဒါပေမဲ့ ကျနော်တို့လူက ဗြုန်းခနဲ ဘာမှလည်း ဟိုးအရင်က ဘာမှအတွေ့အကြုံမရှိကြဘူး။ နောက် ဒုတိယအချက်က သူဌေး အလုပ်ရှင်က စခန်းထဲမှာ လာတွေ့တဲ့အချိန်မှာ ရှင်းပြတဲ့အချိန်မှာ တမျိုး၊ တကယ့် အလုပ်ခွင်ထဲမှာ ရောက်ပြီးတော့မှ အဆင်မပြေဘဲ ပေးသင့်ပေးထိုက်တဲ့ နေ့စား ၃၅၀ က တချို့လူတွေက ၃၀၀ အောက်ပဲ ပြန်ရတယ်။ စားဝတ်နေရေး သိပ်အဆင်မပြေဘဲ အများဆုံးအားဖြင့် ပြန်လာတာက မြို့ကြီးတွေက စိုက်ပျိုးရေးတွေ ချွန်ဘူရီတို့ ရနောင်းတို့ ဘန်ကောက်တို့ပေါ့။”

ထိုင်းအစိုးရက စက်မှုလုပ်ငန်း အပါအဝင် အလုပ်အကိုင် အမျိုးအစား ၈ မျိုးကို လုပ်ကိုင်ခွင့် ပြုလိုက်ပေမဲ့ အများစုက ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ ဟိုတယ်လုပ်ငန်းနဲ့ အိမ်အကူလုပ်ငန်းတွေမှာပဲ သွားရောက်လုပ်ကိုင်ကြပါတယ်။

လုပ်ငန်းရှင်တွေရဲ့ လိုအပ်ချက်ပေါ် မူတည်ပြီး အလုပ်သမားရှာဖွေရေးရုံးနဲ့ အလုပ်ရှင်တွေ ပူးပေါင်းကာ စခန်းထဲက လူငယ်တွေကို ခေါ်ယူပြီး တနှစ်စာချုပ်နဲ့ သွားရောက်လုပ်ကိုင်ရတာပါ။

စိုက်ပျိုးရေးလုပ်ငန်းခွင်မှာ သွားလုပ်ခဲ့တဲ့ လူငယ်တယောက်က သူ ကြုံခဲ့ရတဲ့ လုပ်ငန်းခွင် အတွေ့အကြုံနဲ့ အဆင်မပြေမှုတွေကို အခုလို ပြောပါတယ်။

“စိုက်ပျိုးရေးဆိုပေမဲ့ တကယ်အလုပ်ရောက်တော့ စိုက်ပျိုးရေးတခုပဲ မဟုတ်ဘူး။ ရာဘာခြစ်ရတယ်၊ ပလောပီနံဥ တူးရတယ်၊ အပင်တွေခုတ်၊ ကြံတွေ စိုက်ခိုင်းတယ်။ အကုန်လုပ်ခိုင်းပြီး အဆင်မပြေရင် အတွေ့အကြုံမရှိဘူးဆိုပြီး စာချုပ်ထဲကအတိုင်း ဘတ် ၃၇၀ နဲ့ ၄၀၀ အထိမရဘဲ ဘတ် ၃၀၀ အောက်ပဲ ပေးတယ်။ တနေ့လုပ်အားခ ဘတ် ၃၀၀ အောက်နဲ့ လောက်မှမလောက်တာ။”

အခုလို အခက်အခဲတွေ ရှိနေတဲ့အတွက် စခန်း ၉ ခုစလုံးမှာ နည်းပြတွေထားရှိပြီး အလုပ်သမား အခွင့်အရေးနဲ့ ထိုင်းနိုင်ငံရဲ့ အလုပ်သမားဥပဒေတွေကို သင်ကြားပေးနေတယ်လို့ ကရင်နီ ဒုက္ခသည်ကော်မတီ ဥက္ကဋ္ဌ နေကော်ထူးက ဆိုပါတယ်။

ဒါပေမဲ့လည်း လက်တွေ့လုပ်ငန်းခွင်မှာ အလုပ်ရှင်တွေက ကတိကဝတ် ချိုးဖောက်တဲ့အခါ ဖြေရှင်းပေးနိုင်ဖို့ လုပ်ပိုင်ခွင့် အကန့်အသတ်တွေ ရှိနေပါသေးတယ်။

ကရင်နီဒုက္ခသည်ကော်မတီ ဥက္ကဋ္ဌ နေကော်ထူးက “ကျနော်တို့ ဝင်ရှင်းတဲ့အဆင့်အထိ လုပ်ပိုင်ခွင့် မရှိဘူး။ ဒါပေမဲ့ အဆင်မပြေရင် အာဏာပိုင်တွေကို ပြောပြပြီး အကူအညီတောင်းရတဲ့ အဆင့်ပဲ ရှိတာ။ အဲဒါကြောင့် အခုအချိန်အထိ အလုပ်သွားလုပ်တဲ့သူတွေမှာ ဘာသာစကား နားလည်မှု၊ ဒီကပြောထားတဲ့ ကတိကဝတ်တွေက ဟိုရောက်တော့တမျိုး၊ လစာက ဒီလောက်ဆိုပြီး ဟိုရောက်တော့ တမျိုး ပြန်ပေးတာမျိုးတွေ ကြုံတွေ့နေရပါတယ်” လို့ ပြောပါတယ်။

ဒုက္ခသည်စခန်းအတွင်း ရိက္ခာထောက်ပံ့မှုတွေ လျော့နည်းလာချိန်မှာ ဒုက္ခသည်တွေဟာ မိမိခြေထောက်ပေါ် မိမိရပ်တည်ဖို့ ရုန်းကန်နေကြရပေမဲ့ လုပ်ငန်းခွင်အတွင်း တရားဝင်ကာကွယ်မှုနဲ့ အာမခံချက်ရှိတဲ့ လုပ်အားခတွေ ရရှိဖို့ လိုအပ်ချက်တွေ ရှိနေဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013