
ဗြိတိန်နဲ့ ပြင်သစ်တို့ဟာ ဟော်မုဇ်ရေလက်ကြားကတဆင့် ရေကြောင်းသွားလာမှု ပြန်လည် ထူထောင်ရေးအတွက် အစီအစဉ်တွေကို မြှင့်တင်ဖို့ ဧပြီ ၂၂ ရက်က လန်ဒန်မြို့တော်မှာ ၂ ရက်ကြာ ညီလာခံကို ကျင်းပပါတယ်။
နိုင်ငံစုံ စစ်ရေးစီမံကိန်း ရေးဆွဲရေးညီလာခံကို စတင်ခဲ့ပြီး နိုင်ငံပေါင်း ၃၀ ကျော်က စစ်ဘက် စီမံကိန်းရေးဆွဲသူတွေ တက်ရောက်ခဲ့တယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။
လန်ဒန်မြောက်ပိုင်း၊ နော့သ်ဝုဒ်မှာရှိတဲ့ ဗြိတိန်ရဲ့ အမြဲတမ်းပူးတွဲဌာနချုပ်မှာ ကျင်းပတဲ့ အစည်းအဝေးက အရင်ကရခဲ့တဲ့ သံတမန်ရေး သဘောတူညီချက်ကို ပူးတွဲစစ်ရေးအစီအစဉ်အဖြစ် ပြောင်းလဲဖို့ ရည်ရွယ်ထားတာပါ။
အခြေအနေတွေက ခွင့်ပြုပြီး အပစ်အခတ်ရပ်စဲရေးကို ဆက်ထိန်းသိမ်းထားနိုင်တဲ့အခါ ဟော်မုဇ် ရေလက်ကြားရဲ့ အရေးကြီးတဲ့ ရေကြောင်းလမ်းကို ပြန်ဖွင့်ရာမှာ ကူညီဖို့ဖြစ်တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီးလေက အစည်းအဝေးမတိုင်မီ ညီလာခံရဲ့ အဓိကတာဝန်က ရေလက်ကြားမှာ ရေကြောင်းသွားလာမှုလွတ်လပ်ခွင့်ကို ကာကွယ်ဖို့နဲ့ ရေရှည်အပစ်အခတ် ရပ်စဲ ရေးကို ထောက်ခံဖို့ သံတမန်ရေး သဘောတူညီချက်ကို ပူးတွဲအစီအစဉ်အဖြစ် ပြောင်းလဲဖို့ ဖြစ်တယ်လို့ ပြောပါတယ်။
နိုင်ငံတကာကုန်သွယ်ရေး၊ စွမ်းအင်လုံခြုံရေးနဲ့ ကမ္ဘာ့စီးပွားရေး တည်ငြိမ်မှုဟာ ကမ္ဘာ့ရေနံ ထောက်ပံ့မှုရဲ့ ၅ ပုံ ၁ ပုံ ပုံမှန်ဖြတ်သွားတဲ့ အရေးကြီးတဲ့ ဟော်မုဇ်ရေလက်ကြားကတဆင့် ရေကြောင်းသွားလာမှု လွတ်လပ်ခွင့်အပေါ် မူတည်တယ်လို့ ဝန်ကြီးဌာနက ထောက်ပြခဲ့ပါတယ်။
ဗြိတိန်နဲ့ ပြင်သစ်တို့ဟာ ရေလမ်းကြောင်းကတဆင့် သင်္ဘောတွေ ပြန်စ ခုတ်မောင်းဖို့ စီစဉ်မှု လုပ်ငန်းစဉ်မှာ မိတ်ဖက်တွေ တတ်နိုင်သမျှ အများကြီး ပါဝင်စေရေး ဆောင်ရွက်နေပြီး စစ်ရေး စွမ်းရည်၊ အမိန့်ပေးမှုနဲ့ ညှိနှိုင်း ဆောင်ရွက်မှုအပြင် ဒေသတွင်း တပ်ဖြန့်ချထားမှုတွေကို အဓိကထား ဆွေးနွေးကြတယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ပြင်သစ်နဲ့ ဗြိတိန်တို့ဟာ ဧပြီ ၁၇ ရက်မှာ ဟော်မုဇ် ရေလက်ကြားဆိုင်ရာ နိုင်ငံတကာထိပ်သီး အစည်းအဝေးအတွက် ပါရီမြို့တော်မှာ နိုင်ငံပေါင်း ၅၁ နိုင်ငံကို စုဝေး စေခဲ့ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာ၊ ဂျာမန်ဝန်ကြီးချုပ် ဖရိုက်ဒရစ်ချ်မာ့ဇ်နဲ့ အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီတို့ အားလုံးတက်ရောက်ခဲ့ကြပြီး ဥရောပ၊ အာရှ၊ လက်တင်အမေရိကနဲ့ အရှေ့အလယ်ပိုင်းက အရာရှိတွေကလည်း ဗီဒီယိုလင့်ခ်ကတဆင့် ပူးပေါင်းပါဝင် တက်ရောက်ခဲ့ကြ ပါတယ်။
Source:Reuters











