
အကြွေးရှင်ကို နေရာလိုက်ပြခဲ့တဲ့ အမျိုးသားတယောက်ကို အကြွေးပေးရမဲ့သူက ဓားနဲ့ ခုတ်သတ်ခဲ့တဲ့ ဖြစ်စဥ် ရန်ကုန်၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ ၁၆ ရပ်ကွက်မှာ မတ် ၂၈ ရက် ညပိုင်းက ဖြစ်ပွားခဲ့ပါတယ်။
မတ် ၂၈ ရက် ညပိုင်းက လှိုင်သာယာမြို့နယ်၊ အမှတ် ၁၆ ရပ်ကွက်၊ သာစည်လမ်းရှိ နာရေးအိမ်မှာ ဖဲရိုက်နေတဲ့ ကိုဖြိုးဇော်ကို,ကို ငထွန်း (ခ) ထွန်းထွန်းဝင်းက ဓားနဲ့ လာရောက်ခုတ်သတ်ခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။
“ငထွန်းက အကြွေးပေးစရာတွေရှိလို့ ရှောင်နေတာ ကြာပြီ။ ရှောင်နေတဲ့နေရာကို ဖြိုးဇော်ကိုက အကြွေးရှင်တွေကို လိုက်ပြတယ်။ အဲလိုလိုက်ပြတော့ ငထွန်းနဲ့ အကြွေးရှင်တွေ ပြဿနာတက်ပြီး ရန်တွေဖြစ်ကြတယ်။ လိုက်ပြတဲ့သူကို ငထွန်းက စုံစမ်းတော့ ဖြိုးဇော်ကို ဆိုတာ သိသွားပြီး နာရေးဖဲဝိုင်းမှာ ဖဲရိုက်နေတဲ့အချိန် လာခုတ်တာ၊ လည်ပင်းကို ဓားနဲ့ခုတ်ပြီး လဲကျသွားမှ ဓားနဲ့ဆင့်ထိုးတာ နေရာတင် ပွဲချင်းပြီးတယ်။”
သေဆုံးသူနဲ့ ပြစ်မှုကျူးလွန်သူမှာ လှိုင်သာယာမြို့နယ်၊ အမှတ် ၁၆ ရပ်ကွက်မှာ နေထိုင်သူတွေ ဖြစ်ပြီး ပြစ်မှုကျူးလွန်သူကို မတ် ၂၉ ရက် မနက်အစောပိုင်းမှာ ဖမ်းမိခဲ့ကြောင်း အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
“သေတဲ့သူရော သတ်တဲ့သူရော ၁၆ ရပ်ကွက်မှာ နေတဲ့သူတွေ၊ ဓားနဲ့ခုတ်တဲ့သူကို ဒီနေ့မနက်ပဲ ရပ်ကွက်ထဲက သူ့ရဲ့အသိ လိုင်းခန်းမှာ ပုန်းနေတုန်း ရဲတွေက ဖမ်းမိသွားတယ်။”
ပြစ်မှုကျူးလွန်သူ ငထွန်း (ခ) ထွန်းထွန်းဝင်းကို လှိုင်သာယာ အနောက်ပိုင်းမြို့နယ် သောင်ကြီးနယ်မြေ ရဲစခန်းက ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၁ ရက်ကလည်း လှိုင်သာယာ အရှေ့ပိုင်းမြို့နယ်၊ အမှတ် ၁၅ ရပ်ကွက်မှာ အကြွေးရှင်ကို နေရာလိုက်ပြခဲ့တဲ့ ဖိုးဇော် (ခ) ဇော်ဇော်အောင်ကို အကြွေးပေးရမဲ့ဘက်က အုပ်စုလိုက် အိမ်ပေါ်တက် ဓားနဲ့ခုတ်သတ်ခဲ့ပါတယ်။








