
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်မှာ စစ်အာဏာရှင်တပ်က ဆိုင်ကယ် ကယ်ရီသမား အပါအဝင် အမျိုးသား ၇ ယောက်ကို အဓမ္မ ပေါ်တာဆွဲ ဖမ်းခေါ်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဇူလိုင် ၁၅ ရက် မနက် ၆ နာရီကျော်လောက်က လေးမျက်နှာမြို့နယ်၊ ချင်းကုန်းကျေးရွာအုပ်စု၊ ရေဖြူးကျေးရွာကို စစ်အာဏာရှင်တပ်ဝင်ရောက်ပြီး ဆိုင်ကယ်ကယ်ရီသမား ကိုမင်းထက် အပါအဝင် အမျိုးသား ၇ ယောက်ကို ဖမ်းခေါ်သွားတာလို့ ဆိုပါတယ်။
ဒေသခံအရပ်သားတယောက်က “အိမ်တွေထဲမှာ လာဖမ်းခေါ်သွားတာ။ အတင်းအဓမ္မ ဖမ်းခေါ်သွားတာ။ ဘာအတွက်လဲ မေးမရဘူး၊ လိုအပ်လို့ခေါ်တာဆိုပြီး ပြောတာ။ မင်းထက်ဆို ကယ်ရီလာငှားတယ်ထင်တာ” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်က အင်အား ၂၀ လောက်နဲ့ ဖမ်းခေါ်ခဲ့တာဖြစ်ပြီး ကိုမင်းထက်၊ ကိုလူမင်း၊ ကိုဝင်းကို၊ ကိုမင်းမောင်၊ ကိုကျော်ဆွေနဲ့ နောက်ထပ် လူငယ်အမျိုးသား ၂ ယောက်ကို အဓမ္မဖမ်းခေါ် ပေါ်တာဆွဲခဲ့တာလို့ ဆိုပါတယ်။
စစ်တပ်နဲ့နီးစပ်သူတယောက်က “ရှေ့တန်းကို ပစ္စည်းတွေသယ်ယူဖို့ ခေါ်တာလို့လည်း ကြားရတယ်။ အရပ်သားတွေကို အကာအကွယ်အနေနဲ့ ခေါ်တာလို့လည်း သိရတယ်။ ဖမ်းခေါ်သွားတာက ဟုတ်ပါတယ်” လို့ ပြောပါတယ်။
ပေါ်တာဆွဲခံရသူတွေနဲ့ မိသားစုဝင်တွေဟာ ဇူလိုင် ၁၆ ရက် ညနေပိုင်းအထိ အဆက်အသွယ်မရ ဖြစ်နေပြီး မိသားစုတွေက စိတ်ပူနေတယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်ရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေဆီ စုံစမ်းပေမဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေက တပ်ကလုပ်တာဖြစ်လို့ လုံးဝမသိဘူးလို့ ငြင်းနေကြောင်းလည်း ဒေသခံတွေဆီက သိရပါတယ်။










