
ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်မောင်သက်ကို အာဏာအလွဲသုံးစားမှု၊ ရဲဝန်ထမ်းများအပေါ် အနိုင်ကျင့်မှုနဲ့ အမျိုးသမီးဝန်ထမ်းများအပေါ် မဖွယ်မရာပြုမူတွေ ရှိတယ်ဆိုတဲ့ တိုင်ကြားချက်တွေနဲ့ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ရဲမှူးတင်မောင်သက်ဟာ စက်တင်ဘာ ၁၄ ရက် နေ့လယ်ပိုင်းက ဌာနစုံအစည်းအဝေး ပြုလုပ်နေချိန်မှာ နေပြည်တော်နဲ့ တိုင်းရဲတပ်ဖွဲ့အရာရှိတွေ ရောက်ရှိလာပြီး ဝန်ထမ်းတွေရဲ့ရှေ့မှာ လက်ထိတ်ခတ် ဖမ်းဆီးသွားတာလို့ သိရပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “သူ့ကို အစည်းအဝေးလုပ်နေတဲ့နေရာမှာပဲ လက်ထိတ်ခတ်ပြီး ဖမ်းသွားတာ။ သူ့အပေါ်မှာ တိုင်ကြားမှုတွေနဲ့ စစ်ဆေးမှုတွေ ရှိနေတယ်လို့ သိရပါတယ်” လို့ ပြောပါတယ်။
ရဲမှူးတင်မောင်သက်ဟာ ရာထူးနဲ့ အာဏာကို အသုံးချပြီး ရဲတပ်ဖွဲ့ဝင်တွေရဲ့ လစာတွေကို ဖြတ်တောက်ယူတာ၊ တရားမဝင် စက်သုံးဆီလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်တာ၊ တရားမဝင် လောင်းကစားလုပ်ငန်းတွေကို ခွင့်ပြုတာ၊ လက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေကို တရားမဝင် ငွေကြေးရှာဖွေခိုင်းတာနဲ့ လစဉ် ငွေကြေးပေးဆောင်ခိုင်းတာတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ တိုင်ကြားချက်တွေနဲ့ ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ သိရပါတယ်။
ဒါ့အပြင် ရဲစခန်းအတွင်းရှိ အမျိုးသမီးရဲဝန်ထမ်းတွေကို နေအိမ်ကို ခေါ်ယူတာ၊ မဖွယ်မရာပြုမူတာနဲ့ အိမ်ထောင်သည် ရဲဝန်ထမ်းတွေရဲ့ ဇနီးတွေကိုပါ အကြောင်းအမျိုးမျိုးပြပြီး ခေါ်ယူကာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ တိုင်ကြားချက်နဲ့ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်ကို သိရှိတဲ့ ဒေသခံတယောက်က “ပြည်သူကို စောင့်ရှောက်ပေးရမဲ့ ရဲအရာရှိက အမျိုးသမီးတွေအပေါ် အနိုင်ကျင့်တာတွေ ရှိနေတယ်ဆိုတာ အရမ်းဆိုးပါတယ်။ အမှုမှန် ပေါ်ပေါက်ပြီး ထိထိရောက်ရောက် အရေးယူစေချင်ပါတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ ရဲမှူးတင်မောင်သက်ကို ပုသိမ်မြို့မှာ ထိန်းသိမ်းစစ်ဆေးနေပြီး ပိုင်ဆိုင်မှုနဲ့ ဆက်စပ်ပတ်သက်သူတွေအပြင် မိသားစုဝင်တွေပါ စစ်ဆေးခံရမဲ့ အခြေအနေရှိတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။











