
ရန်ကုန်၊ တာမွေမြို့နယ်ရှိ အကြည်တော်ဟိုတယ် ၇ ထပ်ပေါ်ကနေ အမျိုးသမီးတယောက် ခုန်ချသတ်သေခဲ့တယ်လို့ မျက်မြင်တွေ့ခဲ့သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အဆိုပါ အမျိုးသမီးဟာ မနက် ၁၁ နာရီဝန်းကျင်က ဟိုတယ် ၇ လွှာအပေါ်ကနေ ခုန်ချသတ်သေခဲ့တာဖြစ်ပြီး အသက် ၂၅ နှစ်သာ ရှိသေးတယ်လို့ သိရပါတယ်။
ဖြစ်စဉ်ကိုမြင်ခဲ့သူတယောက်က “မျက်စိရှေ့တင် ခုန်ချတာကို မြင်လိုက်တာ။ ဘာတွေများ စိတ်ဖိစီးစရာရှိနေလဲမသိဘူး။ တယောက်တည်း လာတည်းရင်း ဖြစ်တာလို့ သိရတယ်။ အခုချိန်မှာ အဘက်ဘက်က အဆင်မပြေတာတွေ များလာတော့ လူတွေလည်း အဆုံးစီရင်ဖို့ တွေးလာကြတယ်။ စိတ်မကောင်းဘူး” လို့ ပြောပါတယ်။
အဆိုပါအမျိုးသမီးရဲ့ ရုပ်အလောင်းကို ဒေသခံလူမှုကူညီရေးအသင်းက လာရောက်သယ်ယူခဲ့ပြီး ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ စီးပွားရေး အဆင်မပြေမှုတွေနဲ့ ငွေရေးကြေးရေး အခက်အခဲတွေကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သူဦးရေ များလာတယ်လို့ သတင်းဖော်ပြချက်တွေအရ သိရပါတယ်။











