DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင်အား ဖမ်းဝရမ်းထုတ်ရန် ICC ကို အဆိုပြုသည့် ဗြိတိန်အမတ် ၁၁ ဦးထိရှိလာ
သုတချမ်းသာ
·
April 5, 2026
Photo : UK ပါလီမန်ဝက်ဘ်ဆိုက်
Photo : UK ပါလီမန်ဝက်ဘ်ဆိုက်
Donate to DVB

စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ကို လက်မှတ်ထိုးအဆိုပြုတဲ့ ဗြိတိန်ပါလီမန်အမတ် ၁၁ ယောက်အထိ ရှိလာပါတယ်။ 

စစ်ခေါင်းဆောင်ကို သမ္မတအဖြစ် အသိအမှတ်မပြုရေးနဲ့ ဖမ်းဝရမ်းထုတ်ရေးတို့ကို အားစိုက်ဆောင်ရွက်နေတယ်လို့ ဗြိတိန်အခြေစိုက်မြန်မာရိုဟင်ဂျာအဖွဲ့ (BROUK) က ပြောပါတယ်။ 

မြန်မာစစ်ခေါင်းဆောင်ကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC က ဖမ်းဝရမ်းထုတ်ဖို့ ဗြိတိန်လွှတ်တော်အမတ်တွေက ၂၀၂၄ ဒီဇင်ဘာ ၉ ရက်နေ့ကတည်းက လက်မှတ်ရေးထိုး တိုက်တွန်းထားတာပါ။ 

ဗြိတိန်လွှတ်တော်မှာ (Early Day Motions) အရေးကြီးတဲ့ကိစ္စအဖြစ် လွှတ်တော်အမတ် ၁၀ ယောက်က ကနဦးလက်မှတ်ရေးထိုးပြီး အဆိုပြုချက်တင်ထားတာဖြစ်ပါတယ်။ 

၂၀၂၆ ဖေဖော်ဝါရီလမှာ နောက်ထပ် လွှတ်တော်အမတ်တယောက် ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့အတွက် အဆိုပြုချက်မှာပါဝင်သူ စုစုပေါင်း အမတ် ၁၁ ယောက်အထိ ရှိလာပါတယ်။ 

ဧပြီ ၃ ရက်နေ့၊  စစ်ခေါင်းဆောင်က သမ္မတရာထူးရယူတာနဲ့ တပြိုင်တည်းမှာ ဒီအဆိုပြုချက်ဟာ လူမှုကွန်ရက်စာမျက်နှာတွေအပေါ်မှာ ပြန်လည်ပျံ့နှံ့လာတာဖြစ်ပါတယ်။

ဗြိတိန်အခြေစိုက်မြန်မာရိုဟင်ဂျာအဖွဲ့  (BROUK) မှ ဦးထွန်းခင် က “ယူကေပါလီမန်လွှတ်တော်ကနေတဆင့် လုပ်တဲ့ဟာက ကျနော်တို့အတွက် အရေးကြီးတယ်။ ယူကေရော၊ အီးယူရော၊ ဒီနိုင်ငံတွေကနေတဆင့် လူသားမျိုးနွယ်စုအပေါ်မှာ ရာဇဝတ်မှုကျူးလွန်ခဲ့တာ၊ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအဖြစ် အသိအမှတ်မပြုဖို့၊ ပြီးတော့ ထပ်ပြီးတော့ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေချဖို့ တောင်းဆိုနေတာတွေ အများကြီးရှိပါတယ်။ ဆောင်ရွက်နေတာတွေလည်း အများကြီးရှိပါတယ်။ ဒီထက်မက ထပ်ပြီးတော့ လုပ်သွားမှာပါ၊ ဘာဖြစ်လို့လဲဆိုတော့ သူ့ကို အသိအမှတ်မပြုရေးနဲ့ သူ့ကိုအရေးယူရေးဆိုတာ ကျနော်တို့အတွက် အင်မတန်မှ အရေးကြီးပါတယ်။ ICC ကနေ ဖမ်းဝရမ်းထုတ်ဖို့ဟာကလည်း အခုထိ ကျနော်တို့ စောင့်နေတုန်း၊ ကျနော်ထင်တာတော့ အဲ့ဒါလည်း သိပ်မကြာလောက်ဘူး၊ ထွက်လာမယ်လို့ ယုံကြည်ပါတယ်။ အာဂျင်တီးနားရဲ့ ဖမ်းဝရမ်းကတော့ ၂၀၂၅ ဖေဖော်ဝါရီမှာ ထွက်ခဲ့တာပေါ့။ လူသတ်သမား ရာဇဝတ်သားကတော့ ဘယ်တော့မှ ပြစ်မှုကျူးလွန်တယ်လို့ ဝန်မခံဘူးဗျ။ အဲ့ဒီလိုကြတော့ အခုက ကျနော်တို့က နိုင်ငံတကာဖိအားနဲ့ အင်တာပိုလ်ကို ဖိအားပေးပြီးတော့ အဲဒီဖမ်းဝရမ်းကို အနီရောင်အဆင့် အကြောင်းကြားစာထုတ်ဖို့ ကျနော်တို့ ကြိုးစားနေတာရှိပါတယ်” လို့ ပြောပါတယ်။

နိုင်ငံတကာရောက်မြန်မာတွေဟာ စစ်ကောင်စီရဲ့ ဘာသာရေး၊ လူမျိုးရေးဆိုင်ရာ အကြမ်းဖက်မှုတွေကို အရေးယူနိုင်ဖို့ ရောက်ရှိရာနိုင်ငံတွေရဲ့ အစိုးရနဲ့လွှတ်တော်တွေဆီကို သတင်းစကားတွေ စဉ်ဆက်မပြတ် ပေးပို့နေကြတာပါ။ 

အမေရိကန်ပြည်ထောင်စုမှာလည်း အစိုးရနဲ့လွှတ်တော်က ရိုဟင်ဂျာအရေးကို အာရုံစိုက်နေပြီး အမေရိကန် နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာကော်မရှင် (USCIRF) က မြန်မာပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ ဘာသာရေး၊ လူမျိုးရေးဆိုင်ရာ အကြမ်းဖက်မှုတွေကို အရေးယူဖို့ အစိုးရကို တိုက်တွန်းနေပါတယ်။

ဝါရှင်တန်ဒီစီအခြေစိုက်မြန်မာ့အရေးဆောင်ရွက်သူ ကိုရင်အေး က “အာဂျင်တီးနားလည်း တရားစွဲတဲ့ကိစ္စတွေ ဒါတွေကလည်း ဆက်သွားနေတယ်။ တရားရုံးလုပ်ငန်းတွေက အချိန်တော့ယူတာပေါ့နော်၊ ဒါပေမဲ့ ဆက်သွားနေတာရှိတယ်။ နောက်ပြီးလို့ရှိရင် ICJ (အပြည်ပြည်ဆိုင်ရာတရားရုံး) ကိစ္စဆိုလည်း ဆက်သွားနေတာရှိတယ်။ ဒါ့အပြင်ကို တီမောနိုင်ငံကနေပြီးတော့ ချင်း ဘာသာရေးအင်အားစုတွေကနေ တရားစွဲတဲ့ကိစ္စတွေ၊ ဒါတွေက မင်းအောင်လှိုင်အတွက် တကယ့်ဖိအားတွေပါပဲ။ တချိန်တည်းမှာပဲ Scam Center Strike Force ကို FBI နဲ့ ပေါင်းပြီးတော့မှ ထိထိရောက်ရောက်အရေးယူနေတယ်။ ဒါတွေက မင်းအောင်လှိုင် ကြုံကိုကြုံတွေ့ရမယ့် ဖိအားတွေပဲ။ ရိုဟင်ဂျာတွေ၊ တိုင်းရင်းသားတွေဆိုလည်း တိုင်းရင်းသားတွေ၊ သူတို့ ဒီကိစ္စနဲ့ပတ်သက်ပြီး ကြိုးစားနေကြတယ်၊ တကယ်လို့သာ ICC တို့ဘာတို့က နိုင်ငံတကာရဲတပ်ဖွဲ့တွေကနေ ဖမ်းဝရမ်းဆိုတာမျိုး ထွက်လာခဲ့ပြီဆိုရင်တော့ မင်းအောင်လှိုင်အတွက်တော့ သေချာပေါက် တကယ့်အိပ်မက်ဆိုးပဲပေါ့နော်” လို့ ပြောပါတယ်။

မြန်မာ့ဒီမိုကရေစီအရေးမဟာမိတ်များအဖွဲ့ မခင်သီရိနန္ဒာစိုး က “EDM ဆိုတာက UK လွှတ်တော်မှာ Early Day Motions လို့ခေါ်တဲ့ အမတ်တွေက အရေးကြီးတဲ့ကိစ္စတခုကို အာရုံစိုက်လာဖို့ဆိုရင် အဲ့ဒီ EDM နဲ့ သူတို့က တင်သွင်းအဆိုပြုလေ့ရှိတယ်။ အထူးသဖြင့် မင်းအောင်လှိုင်ပေါ့လေ၊ စစ်ရာဇဝတ်မှုတွေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေမှာလည်း ပါဝင်ပတ်သက်နေတဲ့ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေအများကြီး ရှိတယ်၊​ မြန်မာစစ်တပ်ကနေပြီးတော့ ရိုဟင်ဂျာကျေးရွာတွေကို ဖျက်ဆီးတာတွေ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေပေါ့နော်၊ ဗြိတိန်အပါအဝင် ICC အဖွဲ့ဝင် နိုင်ငံတွေဆိုတာရှိတယ်။ အဲဒီနိုင်ငံတွေကနေပြီးတော့မှ သူတို့ရဲ့နယ်မြေထဲကို မင်းအောင်လှိုင်က ဝင်ရောက်လာလို့ရှိရင် ဖမ်းဆီးထိန်းသိမ်းဖို့ တာဝန်ရှိတယ်ဆိုတာကို သူတို့က သတိပေးတာပေါ့နော်” လို့ ပြောပါတယ်။

၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်က ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာကျေးရွာတွေကို ဖျက်ဆီးတာ၊ အကြမ်းဖက်သတ်ဖြတ်တာတွေကြောင့် ရိုဟင်ဂျာလူမျိုး ၇ သိန်းကျော် အိမ်နီးချင်း   ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရတယ်လို့ ဗြိတိန်အမတ်တွေရဲ့ အဆိုပြုချက်မှတ်တမ်းမှာ ဖော်ပြပါတယ်။ 

ICC က စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ပေးလိုက်မယ်ဆိုရင် ဗြိတိန်အပါအဝင် ICC အဖွဲ့ဝင်နိုင်ငံအားလုံးဟာ မိမိတို့ရဲ့ပိုင်နက်ထဲကို စစ်ခေါင်းဆောင်ဝင်ရောက်လာတာနဲ့ ဖမ်းဆီးဖို့ တာဝန်ရှိတယ်လို့လည်း မှတ်ချက်ပြုထားပါတယ်။ 

အဲ့ဒါအပြင် မြန်မာစစ်တပ်ကြောင့် ပြည်တွင်းမှာ ဒုက္ခဖြစ်နေတဲ့ ရိုဟင်ဂျာတွေနဲ့ တခြားတိုင်းရင်းသားတွေအတွက် တရားမျှတမှုကို ရှာဖွေနိုင်ဖို့ မြန်မာနိုင်ငံနဲ့ပတ်သက်ရင် နိုင်ငံအချင်းချင်း ဝင်ရောက်မစွက်ဖက်ရေးမူဝါဒကို အဆုံးသတ်တာမျိုးလို နောက်ထပ်အစီအမံတွေ လုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။

လော့စ်အိန်ဂျယ်လိစ်မြန်မာလှုပ်ရှားမှုအဖွဲ့မှ ဂျိမ်းစ်ရွှေ က “တိုက်ဆိုင်မှုမဟုတ်ဘူးလေ၊ သူတို့က ဒီအချိန်နဲ့ကို မှန်းထားပြီးတော့ ကျနော်တို့ ယူကေမှာလည်း အမတ်တွေက ဒီလိုတောင်းထားပါတယ‌ေ။ မမေ့ပါဘူး၊ ဖေဖော်ဝါရီတုန်းကမှ ​လက်မှတ်ထိုးတဲ့လူလည်းရှိ ပါတယ်ပေါ့။ ဆရာကြီး သမ္မတဖြစ်သွားတယ်ဆိုပြီး အဲဒါထွက်လာတော့ ကျနော်တို့ မြန်မာတွေကလည်း ငါတို့လည်း ဒီလိုလုပ်ဆောင်နေပါတယ်ဆိုတာ အဲဒါပြတဲ့သဘောမျိုးပေါ့ဗျာ။ ICJ ကတော့ နိုင်ငံရေးအရ ဖိနှိပ်တာပဲရှိမယ်လေ၊ သူကနိုင်ငံကို စွဲတာကိုး။ မင်းအောင်လှိုင်တို့လို လူမျိုးက နိုင်ငံကို ဂရုစိုက်တာမှမဟုတ်ဘဲ၊ နိုင်ငံဘာဖြစ်ဖြစ် သူတို့က သိပ်ဂရုစိုက်မယ့်ပုံမရဘူး။ ဒါပေမဲ့ အဲဒါကိုမှီပြီးတော့မှ ICC တို့ ဘာတို့ရောက်လာပြီးတော့ ဆက်ပြီးတော့ အရေးယူမယ်ဆိုရင်တော့ သူတို့ ICC ဆိုရင်တော့ ပိုကြောက်မှာ” လို့ ပြောပါတယ်။

ဧပြီ ၃ ရက်နေ့မှာ စစ်ခေါင်းဆောင်ဟာ သမ္မတရာထူးကို ရယူခဲ့ပြီး စစ်အုပ်ချုပ်ရေးကနေ အရပ်သားအစိုးရအုပ်ချုပ်ရေးအဖြစ် အသွင်ပြောင်းဖို့ ပြင်ဆင်ခဲ့ပါတယ်။ စစ်ခေါင်းဆောင်က အရပ်သားအသွင်ပြောင်းထားလည်း ပြစ်မှုကျူးလွန်ကြောင်း အပြည်ပြည်ဆိုင်ရာဇဝတ်မှုတရားရုံး ICC က ဆုံးဖြတ်ချက်ချပြီး ဖမ်းဝရမ်းထုတ်ခဲ့ရင် စစ်ခေါင်းဆောင်ဟာ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရမှာမဟုတ်ဘဲ ဥပဒေနဲ့အညီအရေးယူခံရမယ်လို့ နိုင်ငံတကာဥပဒေရေးရာကျွမ်းကျင်သူတွေက မှတ်ချက်ပေးထားပါတယ်။ 

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013