DVB Logo
Home
မြန်မာသတင်း
ဘားအံ ကမ်းနားလမ်းစီမံကိန်းအပေါ် ဝေဖန်မှု UHM ကုမ္ပဏီ ရှင်းလင်း
DVB
·
June 8, 2019
ဘားအံ ကမ်းနားလမ်းစီမံကိန်းအပေါ် ဝေဖန်မှု UHM ကုမ္ပဏီ ရှင်းလင်း
Donate to DVB

ကမ်းနားလမ်းသာယာလှပရေးနှင့် လမ်းတိုးချဲ့ခြင်းစီမံကိန်းကို UHM ကုမ္ပဏီက အဆိုပြုကတည်းက ၂ ထပ်၊ ၂ ထပ်ခွဲ အဆောက်အဦတွေ တည်ဆောက်ဖို့ သုံးနှုန်းပြောဆိုခဲ့တာပဲ ရှိပြီး ဝေဖန်တိုက်ခိုက်မှုတွေအတွက် ကြိုဆိုတယ်လို့ မန်းနေဂျင်း ဒါရိုက်တာ ဦးထွန်းအောင်ရွှေက ပြောပါတယ်။

စီမံကိန်းလုပ်ငန်းမှာ အဆိုပြုလွှာတင်ပြချက်တွေနဲ့ကွဲလွဲပြီး တည်ဆောက်နေမှုကို ပြန်လည်စိစစ်ပေးရေး မြို့ခံတချို့က နိုင်ငံတော်အတိုင်ပင်ခံ၊ သမ္မတနဲ့ အဂတိတိုက်ဖျက်ရေးကို တင်ပြတိုင်ကြားတာ၊ လူမှုကွန်ရက်တွေကနေ ဝေဖန်တိုက်ခိုက်နေတာတွေနဲ့ပတ်သက်ပြီး ဇွန် ၇ ရက်က ဘားအံမြို့၊ တော်ဝင်ရတနာမှာပြုလုပ်တဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ အခုလို ပြောဆိုလိုက်တာပါ။

UHM Development ကုမ္ပဏီ၊ ဒါရိုက်တာ ဦးထွန်းအောင်ရွှေ က “ကျနော်အဆိုပြုတည်းကိုက နှစ်ထပ်အဆောက်အဦပဲဆောက်ပါမယ်ဆိုတဲ့ စကားလုံး တစ်ခါမှ မသုံးနှုန်းထားပါဘူး၊ ၂ ထပ် ၂ထပ်ခွဲအဆောက်အဦတွေ ဆောက်ပါမယ် သုံးနှုန်းထားပါတယ်။ သတင်းလည်းပေးထားတယ်။ မှတ်တမ်းအဖြစ် ဗွီဒီယိုတွေရှိတယ်။ စီမံကိန်း အောင်မြင်နိုင်ဖို့ အချိန်မရွေး ဝေဖန်မှုကိုကြိုဆိုတယ်” လို့ ပြောပါတယ်။

ဘားအံမြို့၊ အမှတ် ၄ ရပ်ကွက်၊ ဦးမျိုးညွှန့်က “အရင်တည်းက မေးလာတယ်။ မေးလို့မရဘူး။ စီမံကိန်းအရည်အသွေး စစ်ဆေးရေးနှင့် လုပ်ငန်းတိုးတက်မှုစောင့်ကြည့်ရေး ကော်မတီဆိုတာ ဒီအခုမှပဲ ကျနော်တို့ကလည်း အသေအချာ ဘယ်သူတွေပါလည်းဆိုတာ သူတို့တင်မှသိရတယ်။ အရင်က မသိရဘူး” လို့ ပြောပါတယ်။

ကရင်ပြည်နယ်၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က “စာချုပ်ရဲ့ အချက်အလက်တွေလည်း ကျနော်ပြောထားပြီးဖြစ်တယ်။ သက်ဆိုင်ရာ စည်ပင်ကော်မတီ၊ ပြည်နယ်စည်ပင်၊ သက်ဆိုင်ရာကုမ္ပဏီမှာ ကြည့်လို့ရပါတယ်။ ကြီးကြပ်တဲ့အဖွဲ့ဆိုတာ အဲဒီအထဲမှာရှိပြီးသား အဖွဲ့စုံ။ အမြဲတမ်း ကြီးကြပ်နေတယ်” လို့ ပြောပါတယ်။

စာနယ်ဇင်းရှင်းလင်းပွဲကို စီမံကိန်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရာမှာ နှောင့်ယှက်ဟန့်တားနေသူတွေ လုပ်ငန်းသဘောတူ စာချုပ်ပါအချက်အလက်တွေ သိရှိစေဖို့၊ မူလအဆိုပြုတင်ပြခဲ့တဲ့ လုပ်ငန်းအတိုင်း ဆောင်ရွက်ထားမှု တဖက်သပ် စွပ်စွဲတိုက်ခိုက် ပြောဆိုနေမှုအပေါ် ဒေသခံပြည်သူတွေ အမှန်တရားသိရှိစေဖို့နဲ့ လူဂုဏ်သိက္ခာအရ နှောင့်ယှက်နေသူကို အမှုဖွင့်လှစ်ခဲ့ရတာနဲ့ပတ်သက်ပြီး ပြည်သူတွေရှင်းရှင်းလင်း သိရှိစေဖို့ ရည်ရွယ်ပြီး ရှင်းလင်းပွဲပြုလုပ်တာလို့ ဆိုပါတယ်။

UHM Development ကုမ္ပဏီက ကျပ်ငွေဘီလီယံ ၉ ဒသမ ၈ သန်း ရင်းနှီးမြှုပ်နှံပြီး ၂၀၁၇ စက်တင်ဘာလက စတင်ပြီး စီမံကိန်းကို ၄ နှစ်အတွင်း အပြီးတည်ဆောက်မှာဖြစ်သလို လက်ရှိ Public လုပ်ငန်းပြီးစီးမှုအနေနဲ့ ၉၀ ရာခိုင်နှုန်း၊ စီမံကိန်းတခုလုံးအနေနဲ့ ၇၀ ရာခိုင်နှုန်း ပြီးစီးနေပါပြီး။

ကုမ္ပဏီက တိုးချဲ့ကမ်းနားလမ်းနဲ့ ညဈေးတန်းနေရာကို ရက်ပိုင်းအတွင်း ပြည်နယ်အစိုးရမှတဆင့် ပြည်သူလူထုလက်ဝယ်ကို လွှဲပြောင်းပေးသွားမယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

ကုမ္ပဏီတာဝန်ရှိသူ ဦးထွန်းအောင်ရွှေနဲ့ တက်ကြွလှုပ်ရှားသူ ဦးကျော်ဇင်ဝင်းတို့ ဘားအံမြို့မရဲစခန်းမှာ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေနဲ့ အပြန်အလှန်တရားစွဲဆိုခဲ့ရာမှာ တက်ကြွလှုပ်ရှားသူ ဦးကျော်ဇင်ဝင်းကို ဖမ်းဆီးထားပြီး အချုပ်နဲ့ တရားရင်ဆိုင်နေရပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013