မေ ၂၅ ရက် သန်းခေါင်ယံအချိန်မှာ ကျင်းပတဲ့ ဟောင်ကောင်ရဲ့ နှစ်ပတ်လည် ချန်ချောင်းပေါက်စီပွဲတော်မှာ ပြိုင်ပွဲဝင် ၁၂ ယောက်ဟာ ၁၄ မီတာမြင့်တဲ့ ပေါက်စီတာဝါကို အပြိုင်အဆိုင် တက်ခဲ့ကြပါတယ်။
အမျိုးသား ၉ ယောက်နဲ့ အမျိုးသမီး ၃ ယောက်တို့ဟာ ၃ မိနစ်အတွင်း ပေါက်စီ အများဆုံးရဖို့ ယှဉ်ပြိုင်ခဲ့ကြတာပါ။
အမြင့်ပိုင်းက ပေါက်စီတွေကို ယူနိုင်လေ ရမှတ်ပိုရလေ ဖြစ်ပါတယ်။ တာဝါအထွတ်က ပေါက်စီကို ယူနိုင်ရင် မိသားစုအတွက် ကံကောင်းမှုတွေ ယူဆောင်လာပေးမယ်လို့ ရိုးရာအစဉ်အလာအရ ယုံကြည်ကြပါတယ်။
ဒီနှစ်အတွက် ပေါက်စီဘုရင်မဆုကို ရေခဲတောင်တက်အားကစားမယ် ဂျဲနက် ကွန်က ရရှိခဲ့ပါတယ်။
ပေါက်စီဘုရင်ဆုကိုတော့ မီးသတ်သမား ကို့ ကာမင်က ဆွတ်ခူးခဲ့ပါတယ်။ ဒါဟာ ကို့ ကာမင် အတွက် ဒီပြိုင်ပွဲမှာ ၁၁ ကြိမ်မြောက် အနိုင်ရတာလည်း ဖြစ်ပါတယ်။
ဘေးအန္တရာယ်တွေ ကင်းဝေးဖို့နဲ့ ငြိမ်းချမ်းဘေးကင်းရေး ဆုတောင်းဖို့အတွက် ချန်ချောင်းကျွန်းခံတွေဟာ ဒီပွဲတော်ကို ရာစုနှစ်တခုကျော်ကြာ ကျင်းပလာခဲ့ကြတာပါ။
ကိုဗစ်ကပ်ရောဂါကြောင့် နှစ်အတော်ကြာ ရပ်နားထားခဲ့ရပေမဲ့ ၂၀၂၃ ခုနှစ်ကစပြီး ဒေသတွင်း ဗုဒ္ဓနေ့ အခမ်းအနားနဲ့အတူ ဒီပွဲတော်ကို အပြည့်အဝ ပြန်လည်ကျင်းပလာတာ ဖြစ်ပါတယ်။
Source: Reuters











