
မကွေးတိုင်း၊ ဆောမြို့ပေါ်ကို ဇွန် ၂ ရက်က ပြန်လည်ရောက်ရှိလာတဲ့ စစ်အာဏာရှင်တပ်ရဲ့ စစ်ကြောင်းဟာ လူနေအိမ်တွေကို ဖောက်ထွင်းပြီး ပစ္စည်းတွေ ခိုးယူသယ်ဆောင်နေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ယောအလင်းတန်းအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအောင်ကြီးက “ကပစ ၂၅ က အင်အား အများအပြား ပါလာပြီးတော့ ချင်းပြည်နယ် ကန်ပက်လက်ဘက်ကနေ အင်အား ၁၅၀ ဝန်းကျင်လောက်နဲ့ အခုလ ၂ ရက်နေ့မှာ ပြန်ဆင်းလာတဲ့ စစ်ကြောင်းက ဆောမြို့ပေါ်မှာ အဖွဲ့ ၄ ဖွဲ့ခွဲပြီး အထိုင်ချနေကြတယ်။ အဲဒီကအဖွဲ့တွေက စစ်ရှောင်ပြည်သူတွေရဲ့ လူမရှိကြတဲ့ အိမ်တွေထဲကို ဖောက်ထွင်းဝင်ပြီး ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူသယ်ဆောင်နေကြတာ” လို့ ပြောပါတယ်။
အဆိုပါ စစ်တပ်စစ်ကြောင်းဟာ ဆောမြို့ပေါ်က ကြက်စာရပ်ကွက် အပါအဝင် လမ်းမကြီးဘေး တလျှောက်မှာ အဖွဲ့ ၄ ဖွဲ့ခွဲပြီး အထိုင်ချ တပ်စွဲနေသလို ဇွန် ၄ ရက်မှာလည်း ဆောမြို့ရဲ့ မြို့ပြင်ပတ်ချာလည်မှာ အင်အားအလုံးအရင်းဖြည့်တင်းပြီး နေရာယူ ကင်းပုန်း၀ပ်နေကြကာ ပတ်ဝန်းကျင်ရွာတွေဘက်ကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေကြတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ဇွန် ၄ ရက်၊ မနက် ၉ နာရီခွဲဝန်းကျင်မှာလည်း စစ်တပ်လက်အောက်ခံ မကွေးလေတပ်ကနေ တက်တဲ့ Y12 လေယာဉ်နဲ့ ဆောမြို့ပေါ်ကို ထောက်ပံ့ရေးအထုပ် ၂၄ ထုပ်ကို ၁၀ ကြိမ်ထက်မနည်း ချထားပေးခဲ့တယ်လို့ ဆိုပါတယ်။
ဆောမြို့နယ် ပကဖ တာဝန်ရှိသူက “မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံချက်အရ ဆောမြို့နယ်ကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့အတွက် အင်အားတွေအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေကြတာလို့ ယူဆရတယ်ဗျ။ ဆောမြို့နဲ့ အနီးဆုံးရွာတွေကို စစ်ကြောင်းဝင်ရောက်နိုင်တယ်လို့ ယူရတာကြောင့် ပြည်သူတွေအနေနဲ့ အခုရက်ပိုင်း အသွားအလာ သတိရှိကြပါ။ စစ်ကြောင်းတွေနဲ့ ထိပ်တိုက်မတိုးအောင် ရှောင်ကြဖို့ အရေးကြီးပါတယ်။ လေကြောင်းရန်ကိုလည်း နားစွင့်ထားကြဖို့လည်း အထူးလိုအပ်ပါတယ်” လို့ ပြောပါတယ်။
စစ်တပ်စစ်ကြောင်းတွေ ပြီးခဲ့တဲ့လ တတိယပတ်အတွင်း ဆောမြို့နယ်ထဲကို စစ်ကြောင်းထိုး ဝင်ရောက်စဥ်ကလည်း တပြင်းကျေးရွာက ကျောင်းထိုင်ဆရာတော်တပါး၊ အထက်တန်းပြ ရူပဗေဒဘာသာရပ်သင် CDM ကျောင်းဆရာ ဦးမျိုးမင်းကျော်၊ အမျိုးသား ၂ ယောက်၊ အမျိုးသမီး တယောက်တို့အပြင် ရွာသာကျေးရွာက အမျိုးသားတယောက်တို့ကိုလည်း သတ်ဖြတ်သွားပါတယ်။











