
ရေကြီးရေလျှံဖြစ်နေတဲ့ ပခုက္ကူမြို့နယ်မှာ ရေဘေးလှူဒါန်းရေးဆိုင်ရာကိစ္စတွေကို တပ်မ ၁၀၁ တပ်မမှူး ဗိုလ်မှူးချုပ် သန့်လွင်စိုးက ဦးဆောင်နေတာကြောင့် အလှူရှင်တွေ အခက်အခဲ ဖြစ်နေတယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။
ရေဘေးသင့်ပြည်သူတွေကို လှူဒါန်းရာမှာ တပ်မ ၁၀၁ က စစ်ဆေးမေးမြန်းတာတွေရှိသလို လာရောက်လှူဒါန်းတဲ့ အရပ်ဒေသနဲ့ အလှူရှင်စာရင်းတွေတောင်းတာကြောင့် အခက်အခဲ ကြုံရတယ်လို့ ကူညီပေးနေသူတယောက်က DVB ကို ပြောပါတယ်။
“ဘယ်ကလာလှူတယ်ဆိုတာ ဖြေရတာပြဿနာမရှိပေမဲ့ အလှုရှင်စာရင်းကျတော့ အပြည့်အစုံ မရဘူး။ တချို့အလှူရှင်တွေက နိဗ္ဗာနပစ္စယောဟောတုဆိုပြီး လှူလိုက်တာ၊ နာမည်မသုံးဘူး။ လာပြီးလှူတဲ့သူတွေကို စစ်တပ်က တရားခံစစ်သလို စစ်နေတာ။ ပြီးတော့ စစ်တပ်က ဒီနေရာကို လှူပါ၊ သူတို့ကတဆင့်လှူပါဆိုတော့ လှူလိုက်တဲ့ပစ္စည်း ရေဘေးသင့်ပြည်သူတွေဆီ အကုန်ရောက်ရင် တမျိုးပေါ့” လို့ ပြောပါတယ်။
ပခုက္ကူရေဘေးလုံခြုံရေးနဲ့ လှူဒါန်းရေးဆိုင်ရာကိစ္စကို တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးချုပ် သန့်လွင်စိုး က တာဝန်ယူထားပြီး သြဂုတ် ၁၃ ရက်က မြို့နယ်ကဇာတ်ရုံမှာ ရေဘေးသင့်သူတွေကို စာနပ်ရိက္ခာတွေ လာပေးသွားတယ်လို့ ရေဘေးသင့်ပြည်သူတယောက်က DVB ကို ပြောပါတယ်။
“မနေ့က သီဟိုဠ်ရှင် ကဇာတ်ရုံမှာ တပ်မ ၁၀၁ တပ်မမှူးက အိမ်ထောင်စု ၁ စုကို ဆန် ၄ ပြည်၊ ဆီ ၂၅ ကျပ်သား၊ ကြက်ဥ ၁၀ လုံး နဲ့ ခေါက်ဆွဲ ၅ ထုပ် လာပေးသွားတယ်။ အလှူရှင်တွေရှိရင် တပ်ကိုဆက်သွယ်ဖို့ မှာသွားတယ်” လို့ ပြောပါတယ်။
သြဂုတ် ၁၂ ရက်ကစလို့ ဧရာဝတီမြစ်ရေမြင့်တက်လာတာကြောင့် မြို့ပေါ်ရပ်ကွက်တချို့နဲ့ ကျေးရွာတချို့မှာ ရေဝင်ရောက်ပြီး ပြည်သူထောင်ချီ ကယ်ဆယ်ရေးစခန်းတွေမှာ နေရတာလို့ သူက ဆိုပါတယ်။
ပခုက္ကူမြိုခံ Non CDM ဝန်ထမ်းတယောက်က “ရေဘေးသင့် ပြည်သူ ၂,၀၀၀ ကျော် ရှိတယ်။ ကယ်ဆယ်ရေးစခန်း ၈ ခုဖွင့်ထားရတယ်။ လုံခြုံရေးကို တပ်မ ၁၀၁ က ယူတယ်။ အလှူငွေကို လည်း တပ်မမှူးနဲ့ ခရိုင်မှူးက ကိုင်ထားတယ်” လို့ ပြောပါတယ်။
ပခုက္ကူမြို့နယ်မှာ ရေဘေးသင့်အိမ်ထောင်စု ၄၉၃ စု၊ ရေဘေးသင့်ပြည်သူ ၂,၀၄၉ ယောက်ရှိပြီး ကျောက်စေတီဘုရားဝင်း၊ အ.မ.က ၁၅၊ အ.မ.က ၁၆၊ သီဟိုဠ်ရှင် ဘုရားတန်ဆောင်း၊ သီဟိုဠ်ရှင် ကဇာတ်ရုံခန်းမ၊ ဆိုင်ကလုန်းရှလ်တာ၊ လောကမာရ်ကင်း ဘုရားဝင်း၊ ဆင်လမ်းဘုန်းကြီး ကျောင်း နဲ့ မြစ်ရေတင်တာဘောင်က ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်ကြတယ်လို့ သိရပါတယ်။











