DVB Logo
Home
မြန်မာသတင်း
မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်တွင် အိမ်ရာမဲ့များလာ
DVB
·
May 24, 2026
Photo : DVB
Photo : DVB
Donate to DVB

စစ်ခေါင်းဆောင် မင်းအောင်လှိုင် တိုင်းပြည်အာဏာကိုသိမ်းယူခဲ့တဲ့ ၂၀၂၁ ခုနှစ် နောက်ပိုင်းကစလို့ ရန်ကုန်မြို့မှာ အိမ်ခြေမဲ့ဦးရေ များလာနေတယ်လို့ မြို့နေလူထုဆီက သိရပါတယ်။

စစ်တမ်းနဲ့ အရေအတွက် အတိအကျမသိရပေမဲ့ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ရန်ကုန်မြို့ပေါ်မှာ တွေ့ရတဲ့ အိမ်ရာမဲ့ အရေအတွက်ဟာ ရာနဲ့ချီပြီး ရှိနိုင်တယ်လို့ ရန်ကုန်မြို့ခံတယောက်က ဆိုပါတယ်။

“စစ်တမ်းတွေ ဘာတွေ မရှိတော့ အရေအတွက် အတိအကျတော့ မသိနိုင်ဘူးပေါ့။ ဒါပေမဲ့ တော်တော်များလာတာတော့ အမှန်ပဲ။ ရာနဲ့ချီပြီး ရှိနိုင်တယ်” လို့ ပြောပါတယ်။

၂၀၂၁ ခုနှစ် နောက်ပိုင်းကစလို့ နိုင်ငံအတွင်းမှာ အထွေထွေအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီး ကုန်ဈေးနှုန်းတွေ ကြီးမြင့်လာတာ၊ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှုနဲ့ နေ့စဉ် ပုံမှန်ဝင်ငွေမရှိတဲ့ လူဦးရေ တိုးမြင့်လာတာတွေက နိုင်ငံတဝန်းမှာ အိမ်ရာမဲ့အရေအတွက် ပိုတိုးလာဖို့ တွန်းအားပေးနေတဲ့ အခြေအနေတရပ်အဖြစ် ရှိနေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အိမ်ရာမဲ့တွေထဲမှာ ကလေးငယ်တွေပါ ရှိနေတတ်တဲ့အတွက် မလိုလားအပ်တဲ့ ရာဇဝတ်မှုတွေ ဖြစ်ပွားမှာ စိုးရိမ်ရတယ်လို့  မြို့ခံ လူမှုကူညီရေးအသင်းအဖွဲ့တွေက ဆိုပါတယ်။

ရန်ကုန်မြို့ခံ ပရဟိတအသင်းတခုရဲ့ တာဝန်ရှိသူတယောက်က “အဓိကတော့ သက်ငယ်မုဒိမ်းမှုတွေ ဘာတွေပေါ့။ မနှစ်ကဆိုရင် ပုဇွန်တောင်မှာ တခါဖြစ်သွားသေးတယ်။ တခြား လူမသိ သူမသိ ဖြစ်နေတာတွေလည်း ရှိနိုင်တယ်လေ” လို့ ဆိုပါတယ်။

ရန်ကုန်မြို့အတွင်းက မီးရထားဘူတာတွေ၊ ဘတ်စ်ကားမှတ်တိုင်တွေ၊ လူကူးခုံးတံတားတွေနဲ့ လမ်းကြိုလမ်းကြားတွေမှာ မိသားစုလိုက် ဒါမှမဟုတ် တဦးချင်း နေထိုင်နေကြတဲ့ အိမ်ရာမဲ့တွေကို တွေ့မြင်ရတတ်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ အရေးတယူဖြေရှင်းပေးတာမျိုး မတွေ့ရဘူးလို့ မြို့ခံတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013