
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကို အလည်အပတ်ရောက်ရှိနေတဲ့ မြစ်ကြီးနားမြို့က ကျောင်းသား ကျောင်းသူ ၈၀ ဦးနဲ့ မုံရွာနှစ်ခြင်းခရစ္စယာန်အသင်းကလူငယ်တွေ၊ Save Monywa အဖွဲ့က လူငယ်တွေ စုစုပေါင်း ၁၀၀ ကျော်စုပေါင်းပြီး မုံရွာမြို့၊ ကန်သာယာပတ်လည်မှာ စုပေါင်း အမှိုက်ကောက်ခဲ့ကြပါတယ်။
အခုလို သူငယ်ချင်းတွေနဲ့အတူ အမှိုက်လာကောက်ရတဲ့အတွက် ပျော်မိတယ်လို့ ကျောင်းသူ မမီမီခင်က ပြောပါတယ်။
"ပတ်ဝန်းကျင်သန့်ရှင်းရေးအနေနဲ့ ကျောင်းကနေ အခုလို လာရောက်လုပ်ကြရတာ အရမ်းပျော်တယ်။ ဒီလို မြို့ကြီး မုံရွာဆိုတာ မရောက်ဖူးဘူး။ ကျောင်းကနေပို့ပေးတာ အရမ်းဝမ်းသာတယ်။ အရမ်းလှတဲ့နေရာမှာ အမှိုက်လာကောက်ရတာ အရမ်းပျော်ပါတယ်။"
စည်ပင်ကလည်း အမှိုက်ကားတွေနဲ့ လိုက်လံပါဝင်ကူညီခဲ့သလို ကျောင်းသားကျောင်းသူ လူငယ်တွေကလည်း ကန်သာယာပတ်လည်အမှိုက်ကောက်ပြီး အမှိုက်ကို စနစ်တကျပစ်ကြဖို့ ကမ်ပိန်းကိုလည်း ပြုလုပ်ခဲ့ပါသေးတယ်။
Save Monywa အဖွဲ့ဦးဆောင်သူ ကိုအောင်နေမျိုးက "သူတို့ကလည်း လာရောက်လည်ပတ်တဲ့အချိန်မှာ အကျိုးရှိတာလေးခုခု လုပ်ချင်တယ်ဆိုတာနဲ့ အခုလို ပူးပေါင်းလုပ်ဆောင်ဖြစ်သွားတာပါ။"လို့ ပြောပါတယ်။
ကန်သာယာက မုံရွာမြို့ရဲ့ တခုတည်းသော အပန်းဖြေနေရာလည်းဖြစ်ပြီး မနက်အစောကြီး လမ်းလျှောက်သူတွေ၊ ညနေ လေညှင်းခံတဲ့သူတွေ လာရောက်လည်ပတ်တဲ့နေရာဖြစ်ပါတယ်။
အစားအသောက်မျိုးစုံလာရောက်စားသောက်ပြီး အမှိုက်ပုံးတွေထဲကို မထည့်ဘဲ ပစ်ထားခဲ့ကြတဲ့အတွက် တချို့နေရာတွေမှာ အမှိုက်တွေပွပြီး အမြင်ရဆိုးနေတာလည်း ဖြစ်ပါတယ်။










