DVB Logo
Home
မြန်မာသတင်း
လိင်တူ၊ လိင်ကွဲချစ်သူတွေအပေါ် မုန်းတီးမှု ဆန့်ကျင်ရေးအခမ်းအနား မုံရွာတွင် ကျင်းပ
DVB
·
May 18, 2019
လိင်တူ၊ လိင်ကွဲချစ်သူတွေအပေါ် မုန်းတီးမှု ဆန့်ကျင်ရေးအခမ်းအနား မုံရွာတွင် ကျင်းပ
1 / 7
Donate to DVB

မေ ၁၇ ရက်နေ့ ကျရောက်တဲ့ လိင်တူ၊ လိင်ကွဲချစ်သူတွေအပေါ် မုန်းတီးမှု ဆန့်ကျင်ရေး နိုင်ငံတကာအထိမ်းအမှတ်နေ့ အခမ်းအနားကို မုံရွာမြို့မှာ လိင်ပြောင်း အမျိုးသားအဖွဲ့ မုံရွာနဲ့ LGBTIQ မုံရွာ နက်ဝါ့အဖွဲ့တို့ ပူးပေါင်းကျင်းပခဲ့ကြပါတယ်။

ဒီအခမ်းအနားကို အရင်က မုံရွာမြို့မှာ လူတွေရဲ့ ခွဲခြားဆက်ဆံမှုကြောင့် တိတ်တဆိတ်သာ ကျင်းပခဲ့ပေမယ့် ဒီနှစ်မှာတော့ အခမ်းအနားနဲ့ စည်စည်ကားကား ကျင်းပခဲ့ကြပါတယ်။

IDAHO (International Day Against Homophobia and Transphobia) လိင်တူ၊ လိင်ကွဲချစ်သူတွေအပေါ် မုန်းတီးမှု ဆန့်ကျင်ရေး နိုင်ငံတကာအထိမ်းအမှတ်နေ့ အခမ်းအနားကို လိင်တူချစ်သူတွေ၊ LGBT တွေ တက်ရောက်ခဲ့ကြပါတယ်။

"LGBT ဆိုတာ လူထဲက လူတယောက်ဖြစ်တယ်။ ကိုယ့်ရဲ့ဖြစ်တည်မှုကို ကိုယ်ဂုဏ်ယူရမယ်။ တခြားလူတယောက် စော်ကားလို့ မရဘူး။ ဥပမာ အမျိုးသားက အမျိုးသမီးလို ဝတ်ထားပေမယ့် သူ့ကို ခွဲခြားဆက်ဆံလို့မရဘူး။ ဒါသူ့အခွင့်အရေးပဲ။ ကျောင်းတွေမှာကစ ခပ်နွဲ့နွဲ့ကောင်လေးဆို မင်းကအခြောက် ဘာညာနဲ့ အနိုင်ကျင့်ခွဲခြားတာတွေ ရှိတယ်။ အခုအချိန်ထိလည်း အလုပ်ထဲမှာ LGBT တွေဆို ခွဲခြားတာ၊ အနိုင်ကျင့်တာတွေ ရှိနေတုန်းပါပဲ။ ဒီလိုပွဲတွေ များများလုပ်ခြင်းအားဖြင့် တဖြည်းဖြည်းနဲ့ အမြင်တွေ ပြောင်းလာဖို့ဘမျှောလင့်ပါတယ်။" လို့ Trangender Men Association Monywa မှ ကိုဖိုးသားက ပြောပါတယ်။

IDAHOT ရဲ့ ဒီနှစ်အတွက် ဆောင်ပုဒ်က "တရားမျှတ လူမှုဘဝ ဥပဒေဖြင့်ကာကွယ်ကြ။" ဖြစ်ပါတယ်။ ဒါ့အပြင် မတူကွဲပြားခြင်းသည် အလှတရားဖြစ်သည်။ လိင်တူချစ်သူတွေကို မုန်းတီးသူများအား ဆန့်ကျင်ကြ။ လိင်တူချင်းချစ်တာ ရောဂါမဟုတ်။ စတဲ့ ပိုစတာတွေကိုလည်း ကိုင်ဆောင်ကာ LGBT တွေအပေါ် ခွဲခြားဆက်ဆံတာတွေ ရပ်ဖို့လည်း တောင်းဆိုခဲ့ကြပါသေးတယ်။

"နိုင်ငံရဲ့အနေအထားအရ LGBT တွေအပေါ် လက်ခံနိုင်ဖို့ တော်တော် လုပ်ယူရဦးမယ်။ LGBT တွေအကို အခြေခံလူတန်းစားတွေများတဲ့ နေရာတွေမှာဆိုရင် ပိုပြီးတော့ ခွဲခြားဆက်ဆံတာ ခံရတယ်။ နောက်ပြီး ပိုဆိုးတာကညအနုပညာသမားတွေကနေ သူတို့ရဲ့ ရုပ်ရှင်၊ ပြဇာတ်၊ ဗွီဒီယိုတွေထဲမှာ LGBT ကို လှောင်ပြောင်စရာ လူတန်းစားတရပ်လို သရုပ်ဆောင်နေကြတဲ့အတွက် ပိုလို့ လှောင်ပြောင်ခွဲခြားဆက်ဆံခံနေရတယ်။ သူများ လက်ခံလာအောင် LGBT အားလုံးက တဦးတယောက်ချင်းစီပြောင်းလဲဖို့ လိုအပ်တယ်။ အနီးစပ်ဆုံး ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်က စရမှာပေါ့။"လို့ LGBT တဦးဖြစ်တဲ့ မိတ်ကပ်အလှဖန်တီးရှင် ကေကေဟန်က ပြောပါတယ်။

LGBT တွေနဲ့ပတ်သက်ပြီး ခွဲခြားဆက်ဆံတာတွေ လျော့နည်းစေရေး ဥပဒေတရပ်ပြဋ္ဌာန်းနိုင်ဖို့၊ ကျောင်းစာတွေမှာ ထည့်သွင်းသင်ကြားနိုင်ဖို့ ညှိနှိုင်းတာတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။ နောက်နှစ်တွေမှာလည်း ဒီထက်မက စည်စည်ကားကားဖြစ်အောင် ကျင်းပနိုင်ဖို့ ကြိုတင်စီစဉ်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

အောင်ကိုလတ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013