
ဂျပန်နိုင်ငံ၊ နာဂိုယာမြို့မှာ ကျင်းပနေတဲ့ အာရှအားကစားပြိုင်ပွဲမှာ မြန်မာအသင်းက ပထမဆုံး ရွှေတံဆိပ်ဆု တဆု ရခဲ့ပါတယ်။
ထူးခြားတာက စားပွဲတင်ဘောလုံးလို့ ဆိုနိုင်တဲ့ တက်ဂ်ဘောကစားနည်းသစ်မှာ ရခဲ့တာပါ။ စက်တင်ဘာ ၂၀ ရက်နေ့မှာ ကျင်းပခဲ့တဲ့ အမျိုးသမီးတဦးချင်း ဗိုလ်လုပွဲမှာ မြန်မာက ခင်နှင်းဝေက အင်ဒိုနီးရှားက ဆူမာယာကို နှစ်ပွဲ–တပွဲနဲ့ အနိုင်ရခဲ့ပါတယ်။
တက်ဂ်ဘော ဆိုတာ ဘောလုံးနဲ့ စားပွဲတင်တင်းနစ်ကို ပေါင်းစပ်ထားတဲ့ အားကစားနည် းဖြစ်ပါတယ်။
ဟန်ဂေရီနိုင်ငံမှာ ၂၀၁၂ ခုနှစ်က စတင်ဖန်တီးခဲ့ပြီး အလယ်မှာ အကန့်ပါတဲ့ ခုံးနေတဲ့ စားပွဲကို သုံးပါတယ်။
တဖက်ကို တယောက်စီ၊ ဒါမှမဟုတ် ၂ ယောက်စီ ကစားနိုင်ပါတယ်။ လက်နဲ့ လက်မောင်းကို သုံးခွင့်မရှိဘဲ ခြေထောက်၊ ပေါင်၊ ရင်ဘတ်နဲ့ ခေါင်းတို့ကို အသုံးပြုရပါတယ်။ စားပွဲပေါ်က ပြန်ခုန်လာတဲ့ ဘောလုံးကို မြေမကျအောင် ထိန်းပြီး စားပွဲတဖက်ပေါ် ပြန်ပို့ရပါတယ်။
ပြန်မပို့ခင် ဘောလုံးကို အများဆုံး ၃ ချက်ပဲ ထိခွင့်ရှိပါတယ်။ ခန္ဓာကိုယ် အစိတ်အပိုင်းတခုတည်းနဲ့ ၂ ချက် ဆက်တိုက်ထိလို့ မရပါဘူး။
၂ ယောက်တွဲမှာလည်း ၂ ယောက်ပေါင်း ၃ ချက်ပဲရပြီး အသင်းဖော်ကို အနည်းဆုံးတခါ ပေးပို့ရပါတယ်။ စည်းမျဉ်းနဲ့အညီ ဘောလုံးပြန်မပို့နိုင်ရင် ပြိုင်ဘက်က တမှတ်ရပါတယ်။
ပွဲစဉ်တခုကို ၃ ကျော့မှာ ၂ ကျော့နိုင်စနစ်နဲ့ ကစားပါတယ်။ ပထမနှစ်ကျော့မှာ ၁၂ မှတ် အရင်ရသူက နိုင်ပါတယ်။
အဆုံးအဖြတ်ကျော့မှာတော့ အနည်းဆုံး ၁၂ မှတ်ရပြီး ၂ မှတ်အသာရှိမှ အနိုင်ရပါတယ်။ ကစားပုံက ပိုက်ကျော်ခြင်းနဲ့လည်း ဆင်တူပြီး အာရှမှာ လူကြိုက်များလာပါတယ်။
ဒီနှစ် အာရှအားကစားပြိုင်ပွဲမှာ တက်ဂ်ဘောရွှေတံဆိပ် ၅ ခုအနက် ၃ ခုကို ထိုင်းက ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီအားကစားနည်းကို အိုလံပစ်အားကစားနည်းအဖြစ်တော့ အတည်မပြုရသေးပါဘူး။











