
လာမဲ့ ဇူလိုင် ၂၁ ကနေ ၂၂ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ကျင်းပမဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မတိုင်ခင်လေးမှာပဲ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ အာဆီယံရဲ့ ချဉ်းကပ်မှုပုံစံ တိတ်တဆိတ် ပြောင်းလဲလာတာကို သတိထားမိလာကြပါတယ်။
အာဆီယံအနေနဲ့ “ဘုံသဘောတူညီချက် ၅ ရပ်” ကို တရားဝင် ကိုင်စွဲထားဆဲ ဆိုပေမဲ့လည်း အဖွဲ့ဝင်နိုင်ငံ တချို့ကတော့ ၂၀၂၁ စစ်အာဏာသိမ်းပြီးကတည်းက သုံးလာခဲ့တဲ့ စုပေါင်းဖိအားပေးတဲ့ ဗျူဟာကို ပြန်လည်စဉ်းစားလာကြပုံ ရပါတယ်။ ဘုံသဘောတူညီချက်ကို လုံးဝစွန့်လွှတ်လိုက်တာမျိုး မဟုတ်ဘဲ ဒီအချက်တွေကို အကောင်အထည်ဖော်ဖို့ဆိုရင် နေပြည်တော်နဲ့ ပိုပြီး တိုက်ရိုက် ထိတွေ့ဆက်ဆံဖို့ လိုအပ်တယ်လို့ သူတို့က အကြောင်းပြလာကြတာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ပြီးခဲ့တဲ့ မေလတုန်းက မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်ဟာ မြန်မာပြည်ကို သွားရောက်ခဲ့ပြီး စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှုမှာ စစ်တပ်ရဲ့ ယာယီအပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးဖို့ တိုက်တွန်းခဲ့သလို ဒီလိုဆက်ဆံတာဟာ အခြေအနေတွေ လျော့ကျသွားဖို့နဲ့ ဆွေးနွေးပွဲတွေဆီ သွားနိုင်မဲ့ လမ်းကြောင်းတခုအဖြစ် သူက ပုံဖော်ခဲ့ပါတယ်။
အလားတူပဲ ဖိလစ်ပိုင် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ဒုတိယဝန်ကြီးနဲ့ အာဆီယံ အဆင့်မြင့်အရာရှိများ အစည်းအဝေးရဲ့ ခေါင်းဆောင်ဖြစ်သူ လီယို ဟာရဲရား-လင်မ်ကလည်း မကြာသေးခင်က နေပြည်တော်မှာလုပ်တဲ့ ဆွေးနွေးပွဲတခုကို ပူးတွဲဦးဆောင်ခဲ့ပါသေးတယ်။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးကလည်း ဇွန် ၈ ရက်မှာ နေပြည်တော်ကို လာသွားသလို လာအို နိုင်ငံခြားရေးဝန်ကြီးကလည်း ရက်ပိုင်းအကြာမှာပဲ လာသွားခဲ့ကြပါတယ်။ ထိုင်းနိုင်ငံဆိုရင်လည်း မြန်မာစစ်ခေါင်းဆောင်တွေအပေါ် လက်တွေ့ကျတဲ့ ချဉ်းကပ်မှုမျိုးလုပ်ဖို့ အစကတည်းက တွန်းအားပေးနေခဲ့တာပါ။ ဒီလိုမျိုး နိုင်ငံတကာက နေပြည်တော်နဲ့ သီးသန့် တိတ်တဆိတ် လာရောက်ဆက်ဆံနေကြတာဟာ စစ်အာဏာရှင်နဲ့ ဒေသတွင်း ဆက်ဆံရေး ပုံစံသစ်တခုအတွက် လမ်းခင်းပေးနေသလို ဖြစ်နေပါတယ်။ “ဘုံသဘောတူညီချက် ၅ ရပ်” ဆိုတာက လက်တွေ့အကောင်အထည်မပေါ်ဘဲ စာရွက်ပေါ်မှာပဲ ရှိနေဦးမယ် ဆိုတာကို လက်ခံလာကြတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတချို့ဟာ အခုဆိုရင် လာမဲ့ဆွေးနွေးပွဲတွေမှာ အငြင်းပွားဖွယ်ရာ စစ်အာဏာရှင်ခန့် အစိုးရသစ်အတွက် နေရာတနေရာ ပေးဖို့အထိတောင် တံခါးဖွင့်လာကြပါတယ်။
ဒီလို အဆင့်မြင့်ကိုယ်စားလှယ်တွေ ပါဝင်ခွင့်ပေးတာဟာ တခါတလေမှ လုပ်ပေးတဲ့ ကင်းလွတ်ခွင့်လား၊ ဒါမှမဟုတ် ပုံမှန်အခြေအနေသစ်တခု ဖြစ်လာမလား ဆိုတာတော့ မသေချာသေးပါဘူး။ သေချာတာတခုကတော့ အာဆီယံဟာ “ရွေးကောက်ပွဲအလွန်” မြန်မာနိုင်ငံနဲ့ ဆက်ဆံဖို့ နည်းလမ်းအသစ်တွေကို ရှာဖွေဖို့ တံခါးဖွင့်ပေးနေပြီ ဆိုတာပဲ ဖြစ်ပါတယ်။ ဗျူဟာအရ မဟုတ်တောင် လက်တွေ့လုပ်ရပ်တွေအရကြည့်ရင် အာဆီယံဟာ စစ်အာဏာရှင်ကို လုံးဝ အဆက်အသွယ်ဖြတ်ထားတာနဲ့ ပုံမှန်ဆက်ဆံရေး ပြန်လုပ်တာကြားက အလယ်အလတ် လမ်းကြောင်းတခုကို ရွေးလာပုံရတယ်။ တရားဝင်အနေနဲ့တော့ စစ်အာဏာရှင်ကို အသိအမှတ် မပြုဘူးလို့ စုပေါင်းရပ်တည်ထားပေမဲ့ တရားဝင်မဟုတ်တဲ့ ၂ နိုင်ငံသီးသန့် ဆက်ဆံမှုတွေကိုတော့ တိုးလုပ်လာကြပါတယ်။ လက်ရှိအခြေအနေအတိုင်း ဆက်သွားနေရင် ဘာမှထူးမလာတော့ဘူး ဆိုတဲ့ အမြင်အပြင် မြန်မာက ရုရှား၊ တရုတ်၊ ပြီးတော့ အခုဆို အိန္ဒိယတို့နဲ့ နိုင်ငံရေး၊ မဟာဗျူဟာရေးရာ ဆက်ဆံရေးတွေ ပိုခိုင်မာအောင် လုပ်လာတဲ့အခါ အာဆီယံအနေနဲ့ မြန်မာရဲ့ အရေးပါတဲ့ မိတ်ဖက်နေရာကနေ ဖယ်ထုတ်ခံရနိုင်တယ်ဆိုတဲ့ စိုးရိမ်စိတ်တွေကြောင့်လည်း အခုလို ပြန်လည်ဆက်ဆံဖို့ တွန်းအားဖြစ်လာပုံရပါတယ်။
ဒါပေမဲ့ စဉ်းစားစရာရှိတာက ဒီလို ဆက်ဆံရေးပုံစံဟာ “အာဆီယံ ဗဟိုပြုမှု” ဆိုတဲ့ မူဝါဒကို တကယ်ပဲ အကျိုးပြုရဲ့လား ဆိုတာပါ။ အဓိက စိုးရိမ်စရာက အဖွဲ့ဝင်နိုင်ငံတွေ နေပြည်တော်နဲ့ လမ်းကြောင်းပြန်ဖွင့်နေတာ မဟုတ်ပါဘူး။ အဲဒီလို ဆက်ဆံတဲ့အခါမှာ ဒေသတွင်း ညှိနှိုင်းတိုင်ပင်ထားတဲ့ စုပေါင်းဗျူဟာနဲ့ မဟုတ်ဘဲ နိုင်ငံအလိုက် ကိုယ့်အစီအစဉ်နဲ့ကိုယ် သီးခြားစီ သွားလုပ်နေကြတာသာ ဖြစ်ပါတယ်။ ဒါဟာ စစ်အာဏာရှင်ကို စုပေါင်းဖိအားပေးခံရတဲ့ အခြေအနေကနေ ရုန်းထွက်ပြီး သံတမန်ရေးအရ ပိုပြီး ကစားကွက် ကျယ်သွားစေပါတယ်။
နေပြည်တော်အနေနဲ့ အာဆီယံကို အဖွဲ့အစည်းတခုလုံးအနေနဲ့ ရင်ဆိုင်ဆွေးနွေးစရာ မလိုတော့ဘဲ အဖွဲ့ဝင်နိုင်ငံ တနိုင်ငံချင်းစီကို ခွဲပြီး ဆက်ဆံလာနိုင်ပါတယ်။ ကြီးမားတဲ့ နိုင်ငံရေး ကတိကဝတ်တွေကို ရှောင်လွှဲပြီး အဲဒီနိုင်ငံတွေ လိုချင်တဲ့ အကျိုးစီးပွားတွေကိုပဲ ရွေးပြီး ပူးပေါင်းဆောင်ရွက်ပေးလိုက်ရုံပါပဲ။ ထိုင်းနိုင်ငံက သူတဦးတည်းသဘောနဲ့ လုပ်ခဲ့တဲ့ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု ကူညီရေး လမ်းကြောင်းဆိုတာ ဒါကို အထင်အရှား ပြနေတာ ဖြစ်ပါတယ်။ ဘန်ကောက်ဟာ ကြက်ခြေနီအသင်းတွေကို အသုံးချပြီး အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ ကြီးကြပ်မှုကို ကျော်ခွခဲ့သလို အကူအညီပေးရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ စစ်အာဏာရှင်နဲ့ ပုံမှန်ဆက်ဆံရေးကို အသက်သွင်းလိုက်တာပါပဲ။
ဒီလိုမျိုး သံတမန်ရေးအရ “ဟိုလူ့ဆီက ဟိုဟာရွေး၊ ဒီလူ့ဆီက ဒီဟာရွေး” လုပ်ခွင့်ရသွားတာဟာ စစ်အာဏာရှင်ကို ဘုံသဘောတူညီချက် ၅ ရပ်အတွက် ဘာတိုးတက်မှုမှ လုပ်စရာမလိုဘဲ ဒေသတွင်းက သူတို့ကို တဖြည်းဖြည်း လက်ခံလာအောင် လုပ်နိုင်ခွင့် ရသွားစေပါတယ်။ ဒါကြောင့် ဒီလို ဆက်ဆံရေးတွေဟာ နိုင်ငံရေးအရ အဖြေရှာဖို့ စုပေါင်းကြိုးပမ်းတာမျိုး မဟုတ်တော့ဘဲ နှစ်နိုင်ငံကြား အပေးအယူလုပ်တဲ့ ပွဲလေးတွေအဖြစ် ပြောင်းသွားနိုင်ခြေ ရှိနေပါတယ်။ မြန်မာစစ်တပ်ဟာ ပြင်ပက သက်ဆိုင်ရာနိုင်ငံတွေကြားက သဘောထားကွဲလွဲမှုတွေကို အသုံးချပြီး အမြတ်ထုတ်တတ်တာ သူတို့ရဲ့ အထာပါပဲ။ အခုလို အာဆီယံက စုပေါင်းဖိအားပေးရာကနေ နိုင်ငံအလိုက် ကိုယ့်သဘောနဲ့ကိုယ် ဆက်ဆံလာကြတာဟာ မပြည့်စုံတဲ့ ဗျူဟာတခုနေရာမှာ ပိုဆိုးတဲ့ ဗျူဟာတခုကို အစားထိုးလိုက်သလို ဖြစ်သွားပါတယ်။ သံတမန်ရေးရာ မျက်နှာစာမှာ ပြိုကွဲသွားပြီး စစ်အာဏာရှင်က ဘာတာဝန်ခံမှုမှ မပေးရဘဲ နိုင်ငံတကာနဲ့ ဆက်ဆံဖို့ လမ်းကြောင်းတွေ အများကြီး ရသွားပါလိမ့်မယ်။ ဩဇာလွှမ်းမိုးမှု ပြန်ရဖို့ ကြိုးစားရင်းနဲ့ အာဆီယံဟာ သူတို့လိုချင်တဲ့ အင်အားကို သူတို့ဘာသာ ပြန်ဖျက်ဆီးမိသလို ဖြစ်နေပါတယ်။
မြန်မာပြည်တွင်းက ပြောင်းလဲနေတဲ့ လက်တွေ့အခြေအနေတွေနဲ့ ယှဉ်ကြည့်လိုက်ရင် ဒီပြဿနာက ပိုကြီးမားပါတယ်။ အာဆီယံရဲ့ သံတမန်ရေးရာ ချဉ်းကပ်မှု အများစုက နေပြည်တော်အပေါ် ဩဇာလွှမ်းမိုးနိုင်ရင် တနိုင်ငံလုံးအပေါ် ဩဇာလွှမ်းမိုးနိုင်မယ်လို့ ယူဆနေတုန်းပါပဲ။ အဲဒီ အယူအဆက အခုချိန်မှာ လုံးဝ မဖြစ်နိုင်တော့ပါဘူး။ မြန်မာနိုင်ငံမှာ အာဏာတည်နေရာတွေ အများကြီးရှိနေတာ ကြာပါပြီ (အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာပါ)။ ၂၀၂၁ နောက်ပိုင်းမှာတော့ ပဋိပက္ခတွေဟာ ပထဝီဝင်အရရော နိုင်ငံရေးအရပါ အကြီးအကျယ် ကျယ်ပြန့်လာပြီး တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အုပ်ချုပ်ရေးစနစ်သစ်တွေ အလျင်အမြန် ပေါ်ထွက်လာပါတယ်။
အာဏာဆိုတာ ဗဟိုအစိုးရ ယန္တရားတခုတည်းဆီမှာ စုပုံမနေတော့ဘဲ အုပ်ချုပ်ရေးနဲ့ နယ်မြေထိန်းချုပ်မှု အနည်းအများအလိုက် အင်အားစုအသီးသီးဆီကို ပြန့်ကျဲသွားပါပြီ။ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကယား (ကရင်နီ)၊ ရခိုင်နဲ့ တခြား တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ဒေသခံအာဏာပိုင်တွေက အုပ်ချုပ်ရေးယန္တရားတွေ တည်ဆောက်ပြီး ပြည်သူ့ဝန်ဆောင်မှုတွေ ပေးလာကြပါတယ်။ စစ်အုပ်စုနဲ့ လုံးဝမသက်ဆိုင်ဘဲ သီးခြားလွတ်လပ်တဲ့ နိုင်ငံရေးအာဏာတွေကို ကျင့်သုံးနေကြပြီ ဖြစ်ပါတယ်။ အခု ပေါ်ထွက်လာနေတာကို “အောက်ခြေကနေ စတင်တဲ့ ဖက်ဒရယ်စနစ်”လို့ တော်တော်များများက တင်စားကြပါတယ်။ ဗဟိုကနေ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြီး အပေါ်စီးက ချပေးတာမျိုးမဟုတ်ဘဲ အောက်ခြေမြေပြင်ကနေ အုတ်မြစ်ချ တည်ဆောက်နေတဲ့ အုပ်ချုပ်ရေးစနစ်သစ်တွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ အများကြီးရှိနေဆဲ ဆိုပေမဲ့ မြေပြင်မှာတော့ နိုင်ငံရေးအာဏာတွေဟာ အသစ် ပြန်လည်ခွဲဝေနေရာချထားမှုတွေ ဖြစ်နေပါပြီ။ နိုင်ငံရဲ့ လားရာဟာ နေပြည်တော်က အာဏာစင်တာတွေထဲက တခုလောက်သာဖြစ်တဲ့၊ ဗဟိုချုပ်ကိုင်မှု လျှော့ချထားတဲ့ ဗဟုဝါဒ နိုင်ငံရေး အခင်းအကျင်းဆီကို ဦးတည်နေပါတယ်။ ဒါပေမဲ့ အာဆီယံရဲ့ သံတမန်ရေးကတော့ နိုင်ငံတော်အချင်းချင်း ဆက်ဆံတဲ့ ဘောင်ထဲမှာပဲ ရပ်တန့်နေပြီး သူတို့ အလွယ်တကူ ဆက်သွယ်လို့ရတဲ့ နေပြည်တော်ကိုပဲ အဓိကထား ဆက်ဆံနေတုန်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေး လက်တွေ့ဘဝဟာ အာဆီယံ ချဉ်းကပ်နေတဲ့ "နိုင်ငံတော်" ဆိုတဲ့ ဘောင်ကို ကျော်လွန်ပြီး တနေ့တခြား ပြောင်းလဲလာနေပါတယ်။ ဒါဟာ အဓိက အကျပ်အတည်းပါပဲ။ နေပြည်တော်ကိုပဲ ဗဟိုပြုပြီး ပြန်လည်ဆက်ဆံတာဟာ နိုင်ငံရေးအာဏာကို တဦးတည်း လက်ဝါးကြီးမအုပ်နိုင်တော့တဲ့ မြို့တော်တခုကို သံတမန်ရေးအရ ဗဟိုချက်အဖြစ် ပြန်လုပ်ပေးရာ ရောက်နေသလို မြန်မာ့အနာဂတ် နိုင်ငံရေးအခင်းအကျင်းအတွက် အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေးပွဲတွေလုပ်ဖို့ နေရာလွတ်တွေကိုပါ ကျဉ်းမြောင်းသွားစေနိုင်ပါတယ်။ တနိုင်ငံလုံးမှာ အာဏာစွဲကိုင်ထားတဲ့ တခြားအင်အားစုတွေကို ချန်လှပ်ထားမယ်ဆိုရင် အာဆီယံအနေနဲ့ မြန်မာ့အနာဂတ်အပေါ် ဘယ်လိုမှ ဩဇာလွှမ်းမိုးနိုင်မှာ မဟုတ်ပါဘူး။
လက်တွေ့ကျကျ ဆက်ဆံဖို့ ကြိုးစားနေတယ်လို့ အာဆီယံအနေနဲ့ ပြောလို့မရပါဘူး။ အာဆီယံရဲ့ လက်တွေ့ကျမှုဆိုတာက မြေပြင်အခြေအနေကို အမှန်တကယ် ပုံဖော်နေတဲ့ အင်အားစုတွေကို မျက်ကွယ်ပြုပြီး နေပြည်တော်တခုတည်းကိုပဲ အာရုံစိုက်နေတဲ့ ကျဉ်းမြောင်းတဲ့အမြင်မျိုး ဖြစ်နေတာပါ။ ကိုယ့်ရဲ့အခန်းကဏ္ဍကို ပြန်လည်အသက်သွင်းဖို့ ကြိုးစားရင်းနဲ့ အာဆီယံဟာ အာဏာစင်တာတခုတည်းနဲ့ပဲ အလုပ်လုပ်ပြီး တကယ့် ကြီးမားကျယ်ပြန့်တဲ့ နိုင်ငံရေးအပြောင်းအလဲကြီးကို လက်လွတ်သွားနိုင်ပါတယ်။ အာဆီယံရဲ့ စိန်ခေါ်မှုက မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ပြန်လုပ်ဖို့လောက်တင် မဟုတ်ဘဲ ၂၀၂၁ နောက်ပိုင်း အခြေခံကစပြီး လုံးဝပြောင်းလဲသွားပြီဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ ကိုက်ညီအောင် ဘယ်လိုဆက်ဆံမလဲဆိုတာ ဖြစ်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ ဒေသတွင်း ပူးပေါင်းချဉ်းကပ်မှုမျိုး မရှိဘဲ၊ ပြောင်းလဲနေတဲ့ နိုင်ငံရေး အခင်းအကျင်းကို ကျယ်ကျယ်ပြန့်ပြန့် နားလည်မှုမရှိဘူးဆိုရင် အာဆီယံဟာ နေပြည်တော်အတွက် သံတမန်ရေးရာ အားသာချက်တွေ ဖန်တီးပေးသလိုဖြစ်ပြီး အဖွဲ့အစည်းရဲ့ စုပေါင်းအင်အားကိုတော့ လျော့ကျသွားစေမှာ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ မြန်မာ့နိုင်ငံရေး အနာဂတ်ကို ပုံဖော်မဲ့ တကယ့်အင်အားစုတွေကို မျက်ကွယ်ပြုရာ ရောက်သွားပါလိမ့်မယ်။
ယူယွန်းဝါဟယူနင်ရမ်နှင့် ဒေါက်တာ ဆာရာတိတ်
Ref: South China Morning Post/ Fulcrum- ISEAS – Yusof Ishak
ယူယွန်းဝါဟယူနင်ရမ် သည် နယ်သာလန်နိုင်ငံ Erasmus University Rotterdam ၏ နိုင်ငံတကာ လူမှုရေးလေ့လာမှုသိပ္ပံမှာ ပါရဂူဘွဲ့ သုတေသီတဦး ဖြစ်သည်။
ဒေါက်တာ ဆာရာတိတ်သည် အာရှ-ပစိဖိတ် ကာကွယ်စောင့်ရှောက်ရေး တာဝန်ယူမှု ဗဟိုဌာန၏ ဒါရိုက်တာတဦးဖြစ်သည်။ ဒါ့အပြင် ဩစတြေးလျနိုင်ငံ၊ ကွင်းစ်လန်းတက္ကသိုလ်၏ နိုင်ငံရေးသိပ္ပံနှင့် နိုင်ငံတကာလေ့လာရေးကျောင်းတွင် ငြိမ်းချမ်းရေးနှင့် ပဋိပက္ခလေ့လာရေး ဆိုင်ရာ အကြီးတန်းကထိက တဦးလည်း ဖြစ်သည်။
ယခုဆောင်းပါးကို ISEAS – Yusof Ishak အင်စတီကျု၏ သုံးသပ်ချက်များဖော်ပြလေ့ရှိသည့် fulcrum.sg ဝက်ဘ်ဆိုက်တွင် ပထမဆုံး စတင်ဖော်ပြသည်။











