
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ပုသိမ်-မုံရွာလမ်းဘေး စက်စက်ယိုကျေးရွာမှာ အောက်တိုဘာ ၁၉ ရက် ညနေပိုင်းက သေနတ်နဲ့ ပစ်သတ်ခံထားရတဲ့ အမျိုးသားတယောက်ရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သေဆုံးသူဟာ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတယောက်ဖြစ်ပြီး ရုပ်အလောင်းမှာ ညာဘက်ရင်အုံကို ကျည်ဖောက်ဝင်ဒဏ်ရာတချက် တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “သေဆုံးသူဟာ ရင်ဘတ်မှာ သေနတ်ဒဏ်ရာတချက်နဲ့ သေဆုံးနေတာလို့ သိရတယ်။ ရုပ်အလောင်းကို တွေ့ရှိပြီးနောက် လူမှုကူညီရေးအသင်းက သယ်ယူပို့ဆောင် ပေးခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူက ဘယ်သူလဲ၊ ဘယ်သူက ပစ်ခတ်ခဲ့တာလဲ ဆိုတာတော့ မသိရသေးပါဘူး” လို့ ပြောပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကို ဒေသခံတွေက စတင်တွေ့ရှိခဲ့တာဖြစ်ပြီး သေဆုံးသူဟာ စက်စက်ယိုကျေးရွာမှာ နေထိုင်သူမဟုတ်ဘဲ ဆိုင်ကယ်ကယ်ရီသမားတယောက် ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါအမျိုးသား သေဆုံးနေတဲ့ နေရာနဲ့ ပတ်ဝန်းကျင်ဟာ လတ်တလောမှာ စစ်အာဏာရှင်တပ်နဲ့ စစ်အာဏာရှင်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေ လှုပ်ရှားနေတဲ့နေရာ ဖြစ်ပါတယ်။
Photo: Paing Lin











