အောင်မင်္ဂလာအဝေးပြေးဝင်းတွင် အမျိုးသား ၁ ဦး သေဆုံးလျက်တွေ့ရှိ

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်ရှိ အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားဝင်း အတွင်း နိုဝင်ဘာ ၁၅ ရက်က အမည်မသိ အမျိုးသားတယောက် သေဆုံးနေတာကို တွေ့ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့ညနေ ၅ နာရီခွဲလောက်က အောင်မင်္ဂလာအဝေးပြေးဝင်း၊ စက်မှုလမ်း (မ)၊ ဌ/၄၇ အလုပ်ရုံရှေ့မှာ အသက် ၃၀ ကျော်အရွယ် အမျိုးသားတယောက် သေဆုံးနေတာကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
ဒေသခံကားသမားတယောက်က “အလောင်းကို ကားသမားတွေက အရင်ဆုံးတွေ့တာပါ။ ထိုင်လျက်အနေအထားနဲ့ သေဆုံးနေတာ။ ပရဟိတအဖွဲ့တွေက အလောင်းကို လာရောက်သယ်ဆောင်သွားပါတယ်” လို့ ပြောပါတယ်။
သေဆုံးအမျိုးသားဟာ အင်္ကျီအဖြူနဲ့ အပြာရောင် ဂျင်းဘောင်းဘီ ဝတ်ဆင်ထားပြီး လတ်တလော သေဆုံးထားတဲ့ အနေအထားဖြစ်ပေမဲ့ ပြင်ပဒဏ်ရာတွေ မတွေ့ရဘူးလို့ ဆိုပါတယ်။
သေဆုံးသူကို စစ်အာဏာရှင်လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ လာရောက်စစ်ဆေးခဲ့ပြီးနောက် ကြယ်စင်မေတ္တာ လူမှုကူညီရေးအသင်းက လူနာတင်ယာဉ်နဲ့ မြောက်ဥက္ကလာပဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။











