
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁ ရက်ကနေ စက်တင်ဘာ ၁၈ ရက်အထိ ၂ လကျော်အတွင်း အာဏာသိမ်း စစ်တပ်ကြောင့် အမျိုးသား ၂၀၀ ကျော်သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ပါတယ်။
အဲဒီအထဲက ၁၃၇ ယောက်ကို AAPP က နာမည်နဲ့တကွ အတည်ပြုထားနိုင်ပေမဲ့ အယောက် ၇၀ ရဲ့ အချက်အလက်တွေကိုတော့ အတည်ပြုနိုင်ဖို့ ကြိုးပမ်းနေဆဲဖြစ်တယ်လို့ ဖော်ပြပါတယ်။
သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ၁၇ ယောက် ပါဝင်ပြီး ၇၈ ယောက်ဟာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တာပါ။
မကွေးတိုင်းမှာ ၃၇ ယောက်နဲ့ သေဆုံးသူအများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းမှာ ၂၉ ယောက်နဲ့ ဒုတိယ အများဆုံး ဖြစ်ပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၁၆ ရက်က ရွှေဘိုမြို့နယ်၊ နှမစားရစ်ရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ကျောင်းထိုင်ဆရာတော် ၁ ပါး ပျံလွန်တော်မူပြီး အမျိုးသား ၃ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။











