
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ ၄ ရက်အတွင်း ဒေသခံ ၆ ယောက်ကို စစ်အာဏာရှင်တပ်က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရတဲ့သူတွေကတော့ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်က ရခိုင်လူမျိုး ကိုရန်နိုင် အသက် (၃၈ နှစ်)၊ သဲချောင်း (ရခိုင်) ရွာက မရာမာကြီး အမျိုးသားတယောက်၊ အင်ဘာရီရွာက မွတ်စလင်အမျိုးသား ၄ ယောက်တို့ ဖြစ်ကြပါတယ်။
သူတို့ဟာ မတ် ၂၄ ရက်ကနေ ၂၇ ရက်အတွင်း စစ်တပ်ရဲ့ ဖမ်းဆီးခံထားရတဲ့သူတွေဖြစ်ပြီး စစ်တပ်က ညသန်းခေါင်ယံအချိန်မှာ လာရောက်ဖမ်းဆီးသွားတာလို့ စစ်တွေဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စရဖတွေ ညသန်းခေါင်ယံ ၂ နာရီ ၃ နာရီအချိန်လောက်မှာ အိမ်ကိုဝင်ပြီး ဖမ်းတာ။ လက်နက်ပြ ခြိမ်းခြောက် ရိုက်နှက်ပြီး ဖမ်းတာ။”
စစ်တပ်က ဖမ်းဆီးသွားတဲ့သူတွေကို ပြန်လွှတ်တာမျိုး မရှိတဲ့အပြင် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တယောက်က ပြောပါတယ်။
“ထောင်ကျတာလား၊ ဘယ်နေရာမှာထားတာလဲ မသိဘူး။ အဆက်အသွယ်လည်း မရဘူး။”
စစ်တွေမှာ အရပ်သားတွေကို စစ်အာဏာရှင်တပ်က နေ့စဉ်ရက်ဆက် ဖမ်းဆီးနေပြီး စစ်မှုထမ်းသင်တန်း ပို့ဆောင်တာ၊ ရှေ့တန်းစစ်မြေပြင်တွေကို စေလွှတ်တာတွေ လုပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။










