
တနင်္သာရီမြို့နယ်မှာ စစ်အာဏာရှင် တပ်သား ၂ ယောက် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ရင်းတွေဆီ လက်နက်နဲ့တကွ ဘက်ပြောင်းခိုလှုံလာတယ်လို့ တနင်္သာရီတိုင်းစစ်ဌာန၊ ပြန်ကြားရေးကနေ ထုတ်ပြန်ထားပါတယ်။
မေ ၆ ရက် မနက် ၉ နာရီမှာ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းအနောက်ကမ်းရွာအခြေစိုက် ခမရ (၅၆၁) တပ်ရင်းမှ တပ်သား ၂ ဉောက် မြိတ်ခရိုင် PDF တပ်ရင်း ၂ နဲ့ တပ်ရင်း ၃ ဆီ ဘက်ပြောင်း ခိုလှုံလာတယ်လို့ ဆိုပါတယ်။
အလင်းဝင်လာသူ ၂ ယောက်မှာ အသက် ၄၆ နှစ်အရွယ် ကိုယ်ပိုင်အမှတ် တ/၁၃၇၅၇၈ တပ်ကြပ်ကြီး မင်းမင်းစိုးနဲ့ အသက် ၃၄ နှစ်အရွယ် ကိုယ်ပိုင်အမှတ် တ/၁၂၄၁၂၁ တပ်သား ကျော်မင်းသူတို့ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ တပ်ရင်း ၃ မှ ပြန်ကြားရေးတာဝန်ခံက “စစ်တပ်က အရာရှိတွေ အကြောင်းမဲ့ ထိုးကြိတ် ရိုက်နှက်တာ မခံချင်လို့ အလင်းဝင်လာတာပါ။ သူတို့ရဲ့ စိတ်ဆန္ဒကတော့ အပြင်မှာပဲ အေးဆေးနေချင်တာပါ။ အခုလက်ရှိမှာတော့ သူတို့ကို လုံခြုံစွာ စောင့်ရှောက်ထားပါတယ်။ နောက်ထပ်အလင်းဝင်ချင်တဲ့သူတွေကိုလည်း အမြဲလက်ကမ်း ကြိုဆို နေပါတယ်” လို့ ပြောပါတယ်။
သူတို့နဲ့အတူ MA-11သေနတ် တလက်နဲ့ ကျည်ဘောက် ၃ ခု၊ MA-1 သေနတ် တလက်နဲ့ ကျည်ဘောက် ၄ ခု၊ ၅.၅၆ ကျည် ၂၄၄ တောင့် ပါဝင်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
တော်လှန်ရေးကာလအတွင်း စစ်ကောင်စီရဲ့ ခမရ ၅၆၁ တပ်ရင်းမှ အရာရှိအပါအဝင် ရဲဘော် ၂၀ ကျော် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတွေဆီ လာရောက်အလင်းဝင်ထားတယ် လို့ သိရပါသေးတယ်။










