
နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် အိန္ဒိယနိုင်ငံသားတယောက် ဖြစ်ရတာကို ကျမ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ မျှော်လင့်ချက်တွေ ကုန်ဆုံးပြီလို့ ထင်ရတဲ့အချိန်မှာပဲ သူတို့ ရောက်လာခဲ့ကြတယ်။ မိုးရေထဲမှာ ချီတက်လာတဲ့ ပိုးဟပ်ပေါက်စလေးတွေပေါ့။ တရားသူကြီးတဦးရဲ့ စကားတခွန်းနဲ့ ဟာသတပုဒ်ရဲ့ အကျည်းတန်ပေါင်းဖက်မှုကနေ ပေါက်ဖွားလာတဲ့ မျိုးဆက်တွေဆိုရင်လည်းမမှားပါဘူး။
သမိုင်းမှတ်တမ်းအဖြစ် ကျန်ရစ်အောင် အဲဒီဇာတ်လမ်းကို ပြန်ပြောပြပါမယ်။ အလုပ်လက်မဲ့ အိန္ဒိယလူငယ်တချို့ကို "ပိုးဟပ်တွေ (Cockroaches)" လို့ အထင်သေးအမြင်သေး၊ မောက်မာစွာနဲ့ ခေါ်ဝေါ်သုံးနှုန်းခဲ့တဲ့ အိန္ဒိယတရားသူကြီးချုပ် ဆူရာကန့်ရဲ့ စကားကို တုံ့ပြန်တဲ့အနေနဲ့ ဘော့စတွန်မှာ နေထိုင်နေတဲ့ ကျောင်းသား အဘီဂျစ်ဒစ်ပ်ကေက အင်စတာဂရမ်ပေါ်မှာ "အကယ်၍ ပိုးဟပ်တွေအားလုံးသာ စုစည်းသွားကြရင် ဘာဖြစ်သွားမလဲ" လို့ ရေးတင်ခဲ့ပါတယ်။ အဲဒီပို့စ်ကို လူသန်းပေါင်းများစွာက တုံ့ပြန်ခဲ့ကြပါတယ်။ ဒီလိုနဲ့ပဲ 'ပိုးဟပ် ပြည်သူ့ပါတီ (Cockroach Janta Party)' ဆိုတာ မွေးဖွားလာခဲ့ပါတယ်။ ဒစ်ပ်ကေကတော့ ပိုးဟပ်တွေကို ညှို့ငင်ခေါ်ဆောင်သွားတဲ့ ပလွေမှုတ်သမားကြီး ဖြစ်လာခဲ့ပါတယ်။
ဒီပါတီရဲ့ ပထမဆုံး တောင်းဆိုချက်ကတော့ အစိုးရစာမေးပွဲ မေးခွန်းလွှာတွေ ပုံမှန်ပေါက်ကြားလေ့ရှိတဲ့ အကျင့်ပျက်ခြစား ပုပ်ပွနေတဲ့ ပညာရေးဝန်ကြီးဌာနရဲ့ ထိပ်ဆုံးက ဝန်ကြီး ဒါမင်ဒရာ ပရာဒန်နုတ်ထွက်ပေးရေးပါပဲ။ အတိုက်အခံပါတီတွေရဲ့ အဆိုအရ ၂၀၁၄ ခုနှစ်ကစလို့ မေးခွန်းပေါက်ကြားမှုပေါင်း ၁၅၂ ကြိမ်ခန့် ရှိခဲ့ပါတယ်။ ဒီလိုပေါက်ကြားမှုတွေဟာ စာမေးပွဲဖြေဆိုဖို့ နှစ်နဲ့ချီ ပြင်ဆင်ခဲ့ကြတဲ့ လူငယ်သန်းပေါင်းများစွာရဲ့ ဘဝတွေကို ဖျက်ဆီးပစ်ခဲ့ပါတယ်။ တချို့မိဘတွေဆိုရင် သားသမီးတွေ ပညာသင်နိုင်ဖို့နဲ့ ဒီစာမေးပွဲတွေ ဖြေဆိုခွင့်ရဖို့ အခကြေးငွေ သွင်းနိုင်အောင် သူတို့ရဲ့ လယ်ယာမြေတွေ၊ အိမ်တွေကိုပါ ရောင်းချခဲ့ရတာပါ။ ဥပဒေဘောင်အတွင်းကနေ ငွေညှစ်တဲ့ ပုံစံသစ်တခုပါပဲ။ မကြာသေးခင်က အမျိုးသား အရည်အချင်းပြည့်မီမှုနှင့် ဝင်ခွင့်စာမေးပွဲ (NEET) မေးခွန်းလွှာ ပေါက်ကြားပြီးနောက်မှာတော့ စိတ်သောကရောက်ပြီး ဘဝပျက်သွားတဲ့ ကျောင်းသား ၁၂ ဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ကြပါတယ်။
ပိုးဟပ်တွေရဲ့ ဒေါသဟာ အွန်လိုင်းဆူနာမီလှိုင်းလုံးကြီး တခုအဖြစ် ကြီးထွားလာချိန် ဇွန်လ ၆ ရက်မှာတော့ ဒစ်ပ်ကေဟာ ဘော့စတွန်ကနေ ပြန်ရောက်လာခဲ့ပါတယ်။ လေဆိပ်ကနေ ဒေလီမြို့က နာမည်ကြီး ဆန္ဒပြကွင်းပြင် ဂျန်တားမန်တားပန်းခြံဆီ တန်းသွားခဲ့ပါတယ်။ လာဒတ် ဒေသက နာမည်ကျော် တက်ကြွလှုပ်ရှားသူနဲ့ ပညာရေးပြုပြင်ပြောင်းလဲသူ ဆွန်နမ် ဝမ်ချွတ်ကလည်း သူ့ထံ ပူးပေါင်းလာပြီး အချိန်အကန့်အသတ်မရှိ အစာငတ်ခံဆန္ဒပြမယ်လို့ ကြေညာခဲ့ပါတယ်။ အိန္ဒိယကွန်မြူနစ်ပါတီ (လွတ်မြောက်ရေး) ရဲ့ ကျောင်းသားလက်ရုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအသင်း (AISA) က တက္ကသိုလ်ကျောင်းသား ၆ ဦး (နီဟာ ဘိုရာ၊ မန်နစ်ရှ် ကူးမား၊ အာမင်း အာမိတိုရှ်၊ ဒန်နစ်ရှ်အလီ၊ ဟရီရှီကက်ရှ်နဲ့ ဒီပတ်) တို့ကလည်း သူတို့ပါ အစာငတ်ခံဆန္ဒပြမယ်လို့ ကြေညာပြီး ဘေးကစင်မြင့်ပေါ်မှာ နေရာယူခဲ့ကြပါတယ်။ တခြားမြို့တွေမှာလည်း ဆန္ဒပြပွဲတွေ စတင်လာပါတယ်။
အစာငတ်ခံဆန္ဒပြနေသူတွေရဲ့ အခြေအနေ စိုးရိမ်စရာ ဖြစ်လာတဲ့အခါ၊ အင်တာနက်ပေါ်မှာ ပြည့်နှက်နေခဲ့တဲ့ ပိုးဟပ်ပေါက်စလေးတွေဟာ ဂျန်တား မန်တားကို အပြင်လက်တွေ့မှာပါ ရောက်ရှိလာကြပါတယ်။ ပိုးဟပ် ပြည်သူ့ပါတီက လွှတ်တော်ရဲ့ မိုးရာသီအစည်းအဝေး စတင်မဲ့ ဇူလိုင် ၂၀ ရက်မှာ လွှတ်တော်ဆီကို ချီတက်ကြမယ်လို့ ကြေညာခဲ့ပါတယ်။ ချီတက်ပွဲမတိုင်ခင် ၂ ရက်အလိုမှာ ရဲတွေက ဝမ်ချွတ်ကို စင်ပေါ်ကနေ ဆွဲချပြီး အစိုးရဆေးရုံမှာ အရင်ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဇနီးဖြစ်သူရဲ့ တောင်းဆိုမှုကြောင့် ပုဂ္ဂလိကဆေးရုံကို ပြောင်းရွှေ့ပေးခဲ့ပါတယ်။ ဇူလိုင် ၂၀ ရက်နေ့ ချီတက်မဲ့ မနက်ခင်းမှာတော့ AISA ကျောင်းသားတွေက သူတို့ရဲ့ အစာငတ်ခံ ဆန္ဒပြမှုကို ရပ်နားလိုက်ပါတယ်။
အဲဒီနေ့မှာတော့ ပိုးဟပ်တွေဟာ မြို့တော်ကြီးကို မုန်တိုင်းတခုလို ဝင်ရောက် မွှေနှောက်လိုက်ပါတယ်။ ရထားတွေ၊ ဘတ်စ်ကားတွေ၊ လေယာဉ်တွေ၊ မြေအောက်ရထားတွေနဲ့ ရောက်လာကြပြီး သူတို့ရဲ့ အရေအတွက်က နာရီနဲ့အမျှ တိုးပွားလာပါတယ်။ ဒေလီရဲ့ မိုးရာသီကောင်းကင်ယံမှာ နေရောင်ခြည်ပထမဆုံး မဖြာကျခင် နာရီအတော်ကြာကတည်းက ဂျန်တားမန်တားဆီကို လူသောင်းနဲ့ချီပြီး စီးဝင်လာကြပါတယ်။ နေထွက်လာချိန်မှာတော့ ရှင်းလင်းသွားတဲ့ အချက်တခုကို တွေ့လိုက်ရပါတယ်။ သူတို့ရဲ့ အနာဂတ်တွေ မျက်စိရှေ့တင် ရိုက်ချိုးဖျက်ဆီးခံလိုက်ရတဲ့ စိတ်ပျက်ဒေါသထွက်နေတဲ့ လူငယ်မျိုးဆက်တရပ်ဟာ၊ သူတို့ရဲ့ မိဘတွေ၊ ဘိုးဘွားတွေ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ အရာတွေကို ပြန်လည်ရယူတော့မယ် ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ အဲဒါကတော့ ပြည်သူတယောက်၊ နိုင်ငံတနိုင်ငံအနေနဲ့ ကျမတို့ရဲ့ ဂုဏ်သိက္ခာပါ။ ဒီမိုကရေစီနိုင်ငံသား တယောက်ရဲ့ အခွင့်အရေးတွေပါ။ ဆန္ဒပြသူတွေဟာ ကျမတို့ အားလုံးရဲ့ မွေးရာပါ သဘာဝလို ဖြစ်နေပြီဖြစ်တဲ့ အတွင်းကနေ လှိုက်စားနေတဲ့ အကြောက်တရားတွေကို သူတို့ရဲ့ ရဲစွမ်းသတ္တိ၊ အလှတရားတွေနဲ့ အမြစ်ပြတ် ဖယ်ရှားပစ်လိုက်ကြပါတယ်။ ဟာသဉာဏ်လေးတွေနဲ့ပါ ပေါင်းစပ်ပြီးတော့ပေါ့။
အဲဒီနေ့ နေဝင်ချိန်မှာတော့ ဒီဆန္ဒပြပွဲဟာ ဆန္ဒပြသူတွေနဲ့ ခေါင်းဆောင်တွေ တောင်းဆိုနေတဲ့ အရာထက် အများကြီး ပိုကြီးမားသွားပြီဆိုတာ ထင်ရှားလာပါတယ်။ ပညာရေးဝန်ကြီး ပရာဒန်ဆိုတာ အခုတော့ အသေးအမွှားလေး ဖြစ်သွားပါပြီ။ လောင်းကြေးက အများကြီး ပိုကြီးသွားပါပြီ။ အထက်ကနေ အောက်ခြေအထိ အုပ်ချုပ်ရေးစနစ် တခုလုံးရဲ့ ပုပ်ပွယိုယွင်းမှုကြီးဟာ ထင်ထင်ရှားရှား မြင်သာလာပြီး၊ ပုပ်ပွနေတဲ့ အလောင်းကောင်ကြီးလို နံဟောင်လာနေပါပြီ။ အသက် ၇ နှစ်၊ ၈ နှစ်အရွယ် ပိုးဟပ်ပေါက်စ အသေးဆုံးလေးတွေတောင် ဒီအချက်ကို ရှင်းရှင်းလင်းလင်း ပြောပြနိုင်နေကြပါပြီ။ ချီတက်ပွဲမတိုင်ခင် ရက်ပိုင်းအလိုမှာ ရဲချုပ်အသစ်တယောက်ကို လျှို့ဝှက်သလိုလို အမြန်ခန့်အပ်ခဲ့ကြပါတယ်။ ပြည်ထဲရေးဝန်ကြီးရဲ့ ကြောက်စရာကောင်းတဲ့ စွမ်းဆောင်ရည်တွေအကြောင်းကိုလည်း လူတွေကြားမှာ စိုးရိမ်တကြီး တီးတိုးပြောဆိုနေခဲ့ကြတာပါ။ ဒီလိုတွေ ကြိုတင်ပြင်ဆင်ထားခဲ့ပေမဲ့လည်း၊ ဇူလိုင် ၂၀ ရက်မှာ ဒေလီမြို့ကြီးကို လွှမ်းခြုံသွားမဲ့ ဆူနာမီလှိုင်းလုံးကြီးရဲ့ ပမာဏကိုတော့ ရဲတပ်ဖွဲ့ရော ပြည်ထဲရေးဝန်ကြီးဌာနပါ လုံးဝ မှန်းဆနိုင်ခဲ့ခြင်း မရှိပါဘူး။ သူတို့ လုပ်နိုင်တာအကုန် လုပ်ခဲ့ကြပါတယ်။ ဘတ်စ်ကားတွေ၊ လမ်းတွေနဲ့ မြေအောက်ရထား ဘူတာရုံတွေကို ပိတ်ဆို့ခဲ့ကြတယ်။ ဒါပေမဲ့ အချည်းနှီးပါပဲ။ အင်တာနက်ကို ဖြတ်တောက်ဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ အင်တာနက်ရဲ့ သားကောင်လေးတွေဖြစ်တဲ့ ပိုးဟပ်ပေါက်စတွေက ရယ်ရခက်၊ ငိုရခက်ဖြစ်စေမဲ့ Memes တွေ၊ ဗီဒီယိုတွေနဲ့ အဲဒီကြိုးပမ်းမှုကို ရိုက်ချိုးပစ်ခဲ့ကြပါတယ်။
ကမ္ဘာပေါ်မှာ အမျိုးသမီးတွေအတွက် မလုံခြုံဆုံးနေရာတွေထဲက တခုဖြစ်တဲ့ ဒေလီမြို့မှာတောင်၊ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ အမျိုးသမီးငယ်တွေက လူအုပ်ကြီးကြားမှာ သူတို့ကိုယ်သူတို့ လုံခြုံတယ်လို့ ခံစားရကြောင်း ပြောခဲ့ကြပါတယ်။ (ရဲတွေက ကိုယ်ထိလက်ရောက် စော်ကားတာမျိုးတွေ ရှိခဲ့တယ်လို့တော့ တချို့က တိုင်တန်းခဲ့ပါတယ်)။ အဲဒီမှာ မွတ်စလင်၊ ဟိန္ဒူ၊ ခရစ်ယာန်၊ ဆစ်ခ်၊ ဗုဒ္ဓဘာသာဝင်တွေ၊ ဇာတ်အလွှာပေါင်းစုံ၊ လူတန်းစားပေါင်းစုံက လူတွေ အတူတကွ ပေါင်းစည်းပြီး၊ ရဲတွေကို ရင်ဆိုင်ရင်း တယောက်ကို တယောက် ကူညီစောင့်ရှောက်နေကြတာကို ကျမတို့ မြင်တွေ့ခဲ့ရပါတယ်။ သူတို့က ကျမတို့ကို ဆုံးမသြဝါဒပေးနေတာ၊ ဒါမှမဟုတ် မိန့်ခွန်းအကြီးကြီးတွေ ခြွေနေတာမျိုး မလုပ်ပါဘူး။ ကျမတို့ အိပ်မက်မက်ဖူးတဲ့၊ လှပတဲ့ အိန္ဒိယနိုင်ငံကြီးကို သူတို့က လက်တွေ့ သက်သေပြသွားခဲ့တာပါ။
ဒီအန္တရာယ်ကို ဖြေရှင်းဖို့အတွက် ရဲတပ်ဖွဲ့က သူတို့ရဲ့ အဝါရောင် သံမဏိ အတားအဆီးတွေကို ဂဟေဆက် ပိတ်ဆို့ခဲ့ပြီး၊ သူတို့ အမြဲသုံးနေကျ အကွက်ဟောင်းတွေဖြစ်တဲ့ ကျောက်ခဲတွေ အပြည့်တင်ထားတဲ့ ကုန်တင်ကားတွေနဲ့ အရင်ကတည်းက ပျက်စီးနေတဲ့ ကားတွေကို ယူလာခဲ့ပါတယ်။ ဒါမှသာ လူငယ်တွေက အကြမ်းဖက်လို့ ရဲတွေက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရတာပါလို့ အသွင်ဖန်တီးနိုင်မှာကိုး။ နံပါတ်တုတ်တွေ၊ တုတ်တိုတွေ ကိုင်ဆောင်ထားတဲ့ အရပ်ဝတ် လူမိုက်တပ်သားတွေကိုလည်း ခေါ်လာခဲ့ပါတယ်။ နှိမ်နင်းရေးတွေ စတင်ဖို့ အဓိကရုဏ်းနှိမ်နင်းရေးတပ်ဖွဲ့ (RAF) က သူတို့ရဲ့ ယူနီဖောင်းတွေပေါ်က နာမည်ကတ်ပြားတွေကို ဖြုတ်ပစ်ခဲ့ကြပါတယ်။ သစ္စာရှိလှတဲ့ ပင်မရေစီးကြောင်း ရုပ်သံချန်နယ်တွေကလည်း အလိမ်အညာတွေကို သတင်းပို့ဖို့ အသင့်စောင့်နေကြပါတယ်။ (တချို့ဆိုရင် မဖြစ်သေးတာတွေကိုတောင် ကြိုပြီး သတင်းပို့နေကြပါတယ်။ အိန္ဒိယက သတင်းတွေဆိုတာ လက်ရှိအခြေအနေထက် အနာဂတ်အကြောင်းတွေ ပိုဖြစ်နေတတ်တာကိုး။)
ဘာမှ အလုပ်မဖြစ်ခဲ့ပါဘူး။ ရဲတွေနဲ့ RAF တွေက သူတို့ရဲ့ နံပါတ်တုတ်တွေကို ရမ်းကားစွာ ဝှေ့ယမ်းပြီး ကလေးတွေရဲ့ ခေါင်းတွေကို ရိုက်ခွဲ၊ ခြေလက်တွေကို ရိုက်ချိုးခဲ့ကြပါတယ်။ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့ကြတယ်။ ဒါပေမဲ့ လူငယ်တွေကတော့ ဆက်ပြီး ချီတက်နေဆဲပါ။ လွှတ်တော်ဆီကို တည့်တည့်မတ်မတ်။ သူတို့သွားမယ်လို့ ပြောထားတဲ့နေရာဆီကို တည့်တည့်မတ်မတ်ပါပဲ။ သူတို့တတွေ နီးကပ်လာတာနဲ့အမျှ လုံခြုံရေးတပ်ဖွဲ့တွေက နေရာယူလိုက်ပြီး၊ သူတို့ရဲ့ AK-47 သေနတ်တွေက လက်နက်မဲ့ ပြည်သူတွေဆီကို ချိန်ရွယ်ထားပါတယ်။ ဒါတောင်မှ ပိုးဟပ်တွေက ဆက်ပြီး ချီတက်နေဆဲပါ။ သူတို့ ချီတက်လာတာနဲ့အမျှ အစိုးရရဲ့ သံမဏိလက်သီးကို ဖုံးကွယ်ထားတဲ့ ကတ္တီပါလက်အိတ် အကြွင်းအကျန်လေးတွေကိုပါ ဆွဲခွာပစ်လိုက်ပြီး၊ လက်ရှိအစိုးရဆိုတာ အရင်ကတည်းက ဘာလဲ၊ အခုရော ဘာလဲဆိုတာကို အထင်းသား ပေါ်လွင်သွားစေပါတယ်။ ဖက်ဆစ်ဆန်တဲ့ သံမဏိလက်သီးပါပဲ။ သူတို့အုပ်ချုပ်နေတဲ့ နိုင်ငံရဲ့ သမိုင်းကြောင်းနဲ့ ကွဲပြားစုံလင်မှုတွေကို နားလည်နိုင်စွမ်းမရှိတဲ့ လူရိုင်းတွေရဲ့ စုပေါင်းအဖွဲ့အစည်းကြီးပါပဲ။ အမုန်းပွားဖို့ပဲ သိပြီး ဘယ်လို ချစ်ရမလဲ၊ ဘယ်လို တွေးတောရမလဲ ဆိုတာကို နားမလည်တဲ့ လူတွေပါပဲ။
ချီတက်သူတွေ နီးကပ်လာတဲ့အခါမှာတော့ ကျမတို့ရဲ့ ရဲစွမ်းသတ္တိရှိလှတဲ့၊ အကြွားသန်လှတဲ့ ဝန်ကြီးချုပ်ကြီး မိုဒီ ဟာ လုံခြုံတဲ့ နေရာတခုဆီကို အမြန်ရှောင်ရှားသွားခဲ့ပါတယ်။ လွှတ်တော်အမတ်တွေလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို နေ့စဉ်နဲ့အမျှ ဖျက်ဆီးပစ်ဖို့ပဲ ရည်ရွယ်ဆောက်လုပ်ထားပုံရတဲ့ တောက်ပပြောင်လက်နေတဲ့ လွှတ်တော် အဆောက်အအုံသစ်ကြီးထဲကနေ အပြင်ထွက်ခွင့် မရတော့ပါဘူး။ ညနေပိုင်းရောက်တော့ ရဲတွေက ဆန္ဒပြရာနေရာက ပင်မစင်မြင့်ကြီးကို ရိုက်ချိုးဖျက်ဆီးခဲ့ပါတယ်။ ညဘက်ရောက်တော့ ပြည်သူတွေက အဲဒီနေရာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ညပိုင်း ရဲတွေ ပြန်ဆုတ်ခွာသွားချိန်မှာတော့ ပိုးဟပ်တွေက သူတို့ကို မတ်တတ်ရပ်ပြီး လက်ခုပ်တီး ဂုဏ်ပြုလိုက်ကြပါတယ်။
“ဝါး မိုဒီဂျီ၊ ဝါး! (ဟန်ကျလိုက်လေ မိုဒီဂျီရယ်)”
ဒီဆန္ဒပြပွဲလေးကနေ ကြီးမားတဲ့ နိုင်ငံရေးအပြောင်းအလဲကြီး ချက်ချင်းဖြစ်လာမယ်လို့ မျှော်လင့်တာကတော့ ရူးမိုက်ရာကျပါလိမ့်မယ်။ ဒါပေမဲ့ ဒါကို ခဏတာ စိတ်လှုပ်ရှားမှုလေး တခုလို့ လျှော့တွက်လိုက်မယ် ဆိုရင်လည်း တုံး အ ရာကျပါလိမ့်မယ်။ သတင်းဌာနတွေနဲ့ အသံကုန်ဟစ်နေတဲ့ တီဗီချန်နယ်တွေမှာ နိုင်ငံခြားက ငွေကြေးထောက်ပံ့မှုတွေ၊ စီအိုင်အေ (CIA) ရဲ့ လုပ်ကြံမှုတွေဆိုပြီး အတင်းအဖျင်းတွေ၊ လုပ်ကြံဇာတ်လမ်းတွေ၊ ပူးပေါင်းကြံစည်မှု သီအိုရီတွေ ပလူပျံနေတာကတော့ အံ့သြစရာ မဟုတ်ပါဘူး။
“ဆန္ဒပြပွဲတွေနဲ့ အသက်မွေးသူ (Andolanjeevi)” (မိုဒီက ကျမတို့လို လူတွေကို နှိမ့်ချခေါ်ဝေါ်တဲ့ နာမည်) တယောက်အနေနဲ့ ဂုဏ်ယူစွာ ဝန်ခံရရင်၊ ဒီကိစ္စ စဖြစ်တုန်းက ကျမကိုယ်တိုင်လည်း သံသယရှိခဲ့ပါတယ်။ ကျမတို့တွေ နောက်ထပ် အန်နာဟာဇာရီ အခိုက်အတန့်မျိုး (၂၀၁၁ ခုနှစ်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ပြည်သူ့လှုပ်ရှားမှုဆိုတာမျိုး) ဆီကို ဦးတည်သွားနေပြီလားလို့ စိုးရိမ်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုကြီးဟာ အစပိုင်းမှာ ရည်ရွယ်ချက် ဘယ်လောက်ပဲ ကောင်းခဲ့ ကောင်းခဲ့၊ နောက်ဆုံးမှာတော့ နိုင်ငံရဲ့ အဖွဲ့အစည်းတိုင်းကို ဖျက်ဆီးပစ်ခဲ့တဲ့၊ နိုင်ငံရေးပါတီနဲ့ အစိုးရယန္တရားကြား ခွဲခြားမမြင်တဲ့၊ နိုင်ငံရော နိုင်ငံသားတွေကိုပါ လေးစားမှုမရှိတဲ့၊ နိုင်ငံတကာမှာ အိန္ဒိယကို အရှက်ခွဲပြီး ဒူးထောက်စေခဲ့တဲ့ နိုင်ငံရေးပါတီ တခုတည်းကို ၃ ကြိမ်ဆက်အုပ်ချုပ်ခွင့် လက်ဆောင်ပေးလိုက်သလို ဖြစ်ခဲ့တာကိုး။
ဒါပေမဲ့ ပင်မရေစီးကြောင်း မီဒီယာတွေက သူတို့အပေါ် ရန်လိုနေတာကို တွေ့လိုက်ရတဲ့ အချိန်မှာတော့ ပိုးဟပ် ပြည်သူ့ပါတီ (Cockroach Janta Party) အပေါ် ကျမရဲ့ သံသယတွေ အကုန်ပြေပျောက်သွားခဲ့ပါတယ်။ အဲဒါကပဲ ကျမအတွက် ပထမဆုံးနဲ့ စိတ်အချရဆုံး လက္ခဏာပါပဲ။ ဒစ်ပ်ကေဟာ ဇာတ်နိမ့်အသိုက်အဝန်းက လာသူတယောက်ဖြစ်တာကို ကျမ ဝမ်းသာမိသလို၊ အဲဒီအချက်ကို ဘယ်သူကမှ အာရုံမစိုက်ကြတာကို ပိုပြီး ဝမ်းသာမိပါတယ်။ “တကယ်လို့ ကျနော့်နာမည်က ခါလစ် သာဆိုရင်၊ ဒါမှမဟုတ် ကျနော်က မွတ်စလင်တစ်ယောက်သာ ဖြစ်ခဲ့ရင် အခုလောက်ဆို ကျနော် ထောင်ထဲ ရောက်နေလောက်ပြီ” လို့ သူ ပြောတာကို ကြားလိုက်ရချိန်မှာတော့ ကျမအတွက် အရာအားလုံး ပြောင်းလဲသွားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ အရာရာ ဘယ်လို အလုပ်လုပ်နေသလဲဆိုတဲ့ လူကြိုက်နည်းတဲ့ အမှန်တရားကို ထုတ်ဖော်ပြောဆိုရဲတဲ့ သတ္တိ သူ့မှာ ရှိခဲ့ပါတယ်။ ကျမတို့ နိုင်ငံမှာ အရာအားလုံး (အထူးသဖြင့် ဥပဒေအပါအဝင်) ဟာ လူတိုင်းအပေါ် တန်းတူညီမျှ သက်ရောက်မှု မရှိဘူးဆိုတဲ့ အချက်ပါပဲ။ အရာအားလုံးဟာ သင့်ရဲ့ ဘာသာရေး၊ ဇာတ်၊ လူတန်းစား၊ လူမျိုးနဲ့ လိင်အပေါ်မှာပဲ လုံးလုံးလျားလျား မူတည်နေပါတယ်။ ဒါဟာ ရိုးရိုးလေးနဲ့ နက်နဲတဲ့ မှတ်ချက်တခုပါပဲ။ ဟိန္ဒူတွေရဲ့ တန်ပြန်တိုက်ခိုက်မှုကို ကြောက်လို့ အတိုက်အခံ နိုင်ငံရေးသမားတွေတောင် "မွတ်စလင်" လို့ မသုံးရဲဘဲ “လူနည်းစု အသိုက်အဝန်း” လို့ပဲ သုံးနေကြချိန်မှာ၊ သူက လူသိရှင်ကြား အခုလို ပြောထွက်ခဲ့တာက ကျမကို ဂျန်တားမန်တားဆီ ချက်ချင်း ပြေးသွားချင်စိတ် ပေါက်သွားစေခဲ့ပါတယ်။
ဒစ်ပ်ကေက “ခါလစ်” ဆိုတဲ့ နာမည်ကို ရွေးသုံးလိုက်တဲ့အချိန်မှာ ဂျဝါဟားလား နေရူးတက္ကသိုလ် (JNU) က ပညာရှင် အူမာခါလစ်ကို ရည်ညွှန်းနေတယ် ဆိုတာကိုလည်း ကျမသိလိုက်ပါတယ်။ သူဟာ ရှာဂျီးလ်အီမာမ်နဲ့ တခြားသူတွေနဲ့အတူ တရားစီရင်ခွင့်မရဘဲ ထောင်ထဲမှာ ၆ နှစ်နီးပါး ရှိနေပြီဖြစ်ပါတယ်။ အူမာရဲ့ ပြစ်မှုက ဘာလဲ။ ၂၀၂၀ ပြည့်နှစ်က နိုင်ငံသားဖြစ်မှု ပြင်ဆင်ရေးဥပဒေ (CAA) ကို ဆန့်ကျင်ဆန္ဒပြစဉ်မှာ ဆန္ဒပြသူတွေကို အကြမ်းမဖက်ကြဖို့ တိုက်တွန်းခဲ့တာပါ။ အဲဒီအချိန် ဒေလီမြို့မှာ ဟိန္ဒူ အစွန်းရောက် လူမိုက်တွေက ရဲတွေရှေ့မှာတင် (တချို့နေရာတွေမှာ ရဲတွေကိုယ်တိုင်ပါဝင်ပြီး) ဗလီတွေကို မီးရှို့၊ လူသတ်၊ မီးရှို့ဖျက်ဆီးမှုတွေ လုပ်နေချိန်မှာတောင် သူက အကြမ်းမဖက်ဖို့ တိုက်တွန်းခဲ့တာပါ။ အာမခံရဖို့ အကြိမ်ကြိမ် လျှောက်ထားခဲ့ပေမဲ့ ဘာက မှန်သလဲဆိုတာကို နားလည်ဖို့၊ ဒါမှမဟုတ် မှန်တာကို လုပ်ဖို့ သတ္တိတွေ ပျောက်ဆုံးနေပုံရတဲ့ တရားသူကြီးတွေက ပယ်ချခဲ့ကြပါတယ်။
ပိုးဟပ်တွေ ချီတက်လာပြီး သူတို့ရဲ့ အရေအတွက်တွေ တိုးပွားလာတာနဲ့အမျှ ကျမစိတ်ထဲ တွေးမိလိုက်တာက “ကံကောင်းလို့ သူတို့တွေက မွတ်စလင်တွေ၊ ဆစ်ခ်တွေ၊ ခရစ်ယာန်တွေ၊ ဒါမှမဟုတ် အာဒီဗာစီ (Adivasi - ဌာနေတိုင်းရင်းသား) တွေ မဟုတ်နေတာ။ ဟုတ်နေလို့ကတော့ သူတို့တွေ အကြိတ်ခံရ၊ အသတ်ခံရ၊ အပစ်ခံရ၊ ထောင်ချခံရပြီးလောက်ပြီ။ ကံကောင်းလို့ ကက်ရှ်မီးယားတွေ မဟုတ်နေတာ။ ဟုတ်များဟုတ်ခဲ့ရင် သူတို့တွေ မျက်လုံးဖောက်ထုတ် ခံရနိုင်တယ်။ (တချို့ကတော့ သေနတ်ကျည်ဆန်လို ဒဏ်ရာတွေ ရခဲ့ကြပါတယ်)။ ကံကောင်းလို့ သူတို့က ဟိန္ဒူအများစု ဖြစ်နေတာ။”
ဒါဟာ အိန္ဒိယရဲ့ ဘယ်လောက်တောင် ဝမ်းနည်းစရာ ကောင်းသလဲဆိုတဲ့ အခိုက်အတန့်ကို ဖော်ပြနေတာပါပဲ။ ဒါပေမဲ့ အခြေအနေတွေက တမိနစ်အတွင်းမှာကို ပြောင်းလဲသွားနိုင်ပါတယ်။ ကျမတို့ဟာ အခု ဖွံ့ဖြိုးဆဲ အခြေအနေလို့ ခေါ်တဲ့ အခြေအနေတခုထဲ ရောက်နေပါတယ်။ တခြားပြည်နယ်တွေကနေ ထောင်နဲ့ချီတဲ့ အရန်လက်နက်ကိုင်တပ်တွေကို လေယာဉ်နဲ့ ခေါ်ယူနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာပါတယ်။ လာမဲ့ရက်တွေမှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာကိုတော့ ကျမတို့ မသိနိုင်ပါဘူး။
ဒါတွေအားလုံးက ကျမတို့ကို ဘယ်ကို ရောက်သွားစေမှာလဲ။ ကော်ပိုရိတ်ပိုင် တီဗီချန်နယ် ရာနဲ့ချီကနေ ၂၄ နာရီပတ်လုံး သီတင်းပတ်နဲ့ချီပြီး ရူးသွပ်စွာ ထုတ်လွှင့်ပေးခဲ့တဲ့ အန်နာ ဟာဇာရီ လှုပ်ရှားမှုနဲ့ မတူဘဲ၊ ပိုးဟပ် ပြည်သူ့ပါတီမှာတော့ သူတို့ကိုယ်သူတို့နဲ့ အင်တာနက်ကိုပဲ အားကိုးစရာ ရှိပါတယ်။ အမျိုးသားစေတနာ့ဝန်ထမ်းအဖွဲ့ (RSS) က ထိုးဖောက်ဝင်ရောက် နေရာယူသွားပြီး၊ မိုဒီ ဦးဆောင်တဲ့ ဘီဂျေပီ (BJP) က တီဗီတွေ ဖန်တီးပေးထားတဲ့ ရူးသွပ်မှုတွေအပေါ်ကနေ ရွေးကောက်ပွဲ အမြတ်ထုတ်ဖို့ အသင့်စောင့်နေခဲ့တဲ့ အန်နာ လှုပ်ရှားမှုနဲ့ မတူဘဲ၊ ပိုးဟပ်တွေမှာတော့ ရှေ့ဆက်သွားဖို့ အသင့်စောင့်နေတဲ့ စနစ်တကျ ဖွဲ့စည်းထားတဲ့ အတိုက်အခံပါတီတွေ မရှိပါဘူး။ အခု ကျမတို့ မြင်တွေ့နေရတဲ့ အလိုအလျောက် ပေါက်ကွဲထွက်လာတဲ့ ဒေါသတွေဟာ၊ တကယ့်နိုင်ငံရေးလုပ်ငန်းစဉ်တွေ မစတင်နိုင်ဘူးဆိုရင် ပျောက်ကွယ်သွားပါလိမ့်မယ်။ လူကြီးတွေနဲ့ အတိုက်အခံပါတီတွေက သူတို့ရဲ့ နေရာလုပွဲတွေ၊ အသေးအမွှား ရန်ပွဲတွေကို ရပ်တန်းကရပ်ပြီး ညီညွတ်မှုကို မပြသနိုင်ဘူးဆိုရင်ပေါ့။ ဒီလိုဖြစ်ဖို့ ခဲယဉ်းတယ်ဆိုတာကို အစိုးရက သိပါတယ်။ သူတို့ လုပ်ရမှာက ထိုင်စောင့်နေဖို့ပဲလို့ ခံစားရတဲ့အတွက် သူတို့က မတုန်မလှုပ် ရှိနေတာပါ။ အစိုးရတွေမှာ စောင့်ဆိုင်းနိုင်တဲ့ အာဏာရှိပါတယ်။ ပြည်သူတွေမှာတော့ မရှိပါဘူး။
ဒီအချိန်မှာ ပိုးဟပ် အုံကြွမှုဟာ အိန္ဒိယတဝန်းမှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲများစွာထဲက တခုသာ ဖြစ်ပါတယ်။ မဒ္ဒရာပရာဒက်ရှ်ပြည်နယ်က အာဒီဗာစီတွေက ကင်န်-ဘတ်ဝါမြစ်ချိတ်ဆက်ရေး စီမံကိန်းကို ဆန္ဒပြနေကြပါတယ်။ ဥတ္တရာခန်းက ရွာသားတွေက သစ်ပင်တွေ အစုလိုက်အပြုံလိုက် ခုတ်လှဲနေတာကို ဆန္ဒပြနေကြတယ်။ ဂရိတ်တား နီကိုဘာ ကျွန်းစုတွေက သဘာဝပတ်ဝန်းကျင် ဖျက်ဆီးခံရမှုတွေကို ပြည်သူတွေ ဆန္ဒပြနေကြပါတယ်။ မဏိပူရ် ပြည်နယ်ကလည်း ပွက်ပွက်ဆူနေပါတယ်။ အလုပ်အကိုင်တွေ ပျောက်ဆုံးနေတယ်။ ကုန်ဈေးနှုန်းတွေ ထိုးတက်နေတယ်။ ဒေါသတွေ ကြီးထွားလာနေပါတယ်။
ပြီးတော့ BJP-RSS ရဲ့ “ဘုရားသခင်” ကစားကွက်ဟာလည်း အရင်ကတည်းက ဘာလဲဆိုတာ အခုတော့ ဖုံးမနိုင်ဖိမရ ပေါ်လွင်လာပါပြီ။ ဒါတွေဟာ လိမ်လည်လှည့်စားမှု တခုပါပဲ။ လူမိုက်တွေ ဦးဆောင်နေတဲ့ ရွှေရှာဖွေရေးပွဲကြီးပါပဲ။ အယုဒ္ဓယက ရာမဘုရားကျောင်းကို ဓားပြတိုက်မှုကြီးကနေတဆင့်၊ ညံ့ဖျင်းတဲ့ ဘောလိဝုဒ်ရုပ်ရှင် ဇာတ်ညွှန်းတခု ကျမတို့ မျက်စိရှေ့မှာ ကပြနေတာကို တွေ့လိုက်ရပါတယ်။ ဘာသာရေးခေါင်းဆောင်တွေနဲ့ အကျင့်ပျက် နိုင်ငံရေးသမားတွေက ဟိုတယ်တွေ ဆောက်၊ အိမ်ခြံမြေတွေ စုဆောင်း၊ SUV ကားကြီးတွေ စီးပြီး၊ ဆင်းရဲနွမ်းပါးပြီး အပြစ်ကင်းတဲ့ ပြည်သူတွေရဲ့ ယုံကြည်မှုအပေါ် သွေးစုပ်ဝဖြိုးနေကြတာပါ။ အဂတိလိုက်စားမှုနဲ့ နေ့ခင်းကြောင်တောင် ဓားပြတိုက်မှုရဲ့ ရေဘဝဲလက်တံတွေဟာ အထက်ပိုင်းအထိ တွားသွား ရစ်ပတ်နေပါပြီ။
ပိုးဟပ်တွေရဲ့ စွမ်းအင်က ကျမတို့ကို ဒီတွင်းနက်ကြီးထဲကနေ ဆွဲထုတ်ပေးနိုင်မလား။ မလွယ်ပါဘူး။ အိန္ဒိယက ပြည်သူ့လှုပ်ရှားမှုတွေရဲ့ ရလဒ်တွေကို လျင်လျင်မြန်မြန် ပြန်ကြည့်လိုက်ရင် အားတက်စရာ မရှိလှပါဘူး။ ဒါဟာ ကျုံ့ဝင်သွားတဲ့ ရည်မှန်းချက်တွေနဲ့ ပျက်စီးသွားတဲ့ အိပ်မက်တွေရဲ့ သမိုင်းအကျဉ်းချုပ်ပါပဲ။ ၁၉၆၀ နဲ့ ၇၀ ပြည့်လွန်နှစ်တွေမှာ၊ Naxalite တွေရဲ့ လက်နက်ကိုင် ပုန်ကန်မှု အပါအဝင် လှုပ်ရှားမှုအမျိုးမျိုးက စည်းစိမ်ဥစ္စာနဲ့ လယ်ယာမြေတွေကို တောင်သူလယ်သမားတွေဆီ ပြန်လည်ခွဲဝေပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ သူတို့တွေ ချေမှုန်းခံခဲ့ရပါတယ်။ ၈၀ နဲ့ ၉၀ ပြည့်လွန်နှစ်တွေမှာတော့ နာမာဒါ ဘချာအို အန်ဒိုလန်လို လူမှုရေးလှုပ်ရှားမှုတွေနဲ့၊ နောက်ပိုင်းမှာ အင်ဒရာပရာဒက်ရှ်၊ ချဟာတစ်ဂါနဲ့ ဂျဟာခန်းက မော်စီတုန်းဝါဒီတွေဟာ တောင်သူလယ်သမားတွေနဲ့ ဌာနေတိုင်းရင်းသားတွေ သူတို့မြေကနေ အဓမ္မရွှေ့ပြောင်းခံရမှုကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြပါတယ်။ တနည်းပြောရရင် ဆင်းရဲသားတွေဆီမှာ ကျန်နေသေးတဲ့ အရာလေးတွေကို မလုယူသွားဖို့ တောင်းဆိုခဲ့ကြတာပါ။ သူတို့လည်း ချေမှုန်းခံခဲ့ရတာပါပဲ။
၂၀၀၀ ပြည့်လွန်နှစ်တွေ ရောက်လာချိန်မှာတော့၊ သူတို့တွေဟာ အမျိုးသား ကျေးလက်အလုပ်အကိုင် အာမခံဥပဒေ (NREGA) လေး ရလိုက်တာနဲ့တင် ကျေးဇူးတင်ရမဲ့ အခြေအနေကို လျှော့ချခံလိုက်ရပါတယ်။ အနိမ့်ဆုံးလုပ်အားခနဲ့ ၃ လ အလုပ်လုပ်ခွင့် (အဲဒီပမာဏက မြို့ကြီးတမြို့ကဈေးကြီးတဲ့ စားသောက်ဆိုင်မှာ ကောင်းကောင်းမွန်မွန် တနပ်စာ စားရတဲ့ ဈေးနှုန်းလောက်ပဲ ရှိတာပါ။) အဲဒါကိုတောင် ဒီအစိုးရက ဖျက်သိမ်းလိုက်ပြီး၊ မိုဒီမျက်နှာပုံ ပါတဲ့ စားနပ်ရိက္ခာအိတ်တွေနဲ့ အသက်ဆက်ရုံ ရိက္ခာတွေအဖြစ် အစားထိုးလိုက်ပါတယ်။ သူတို့ကို ကျေးဇူးတင်ပြီး မဲပြန်ပေးလာအောင် မောင်းနှင်နေတဲ့ ကားပေါ်ကနေ သူတောင်းစားတွေကို ပိုက်ဆံပစ် ပေးသလို ပြည်သူတွေကို မထီမဲ့မြင် ပစ်ပေါက်ပေးလိုက်တာပါ။ စီးပွားရေး ယိမ်းယိုင်လာတာနဲ့အမျှ အဲဒါလေးတောင်မှ အန္တရာယ်ရှိလာပါပြီ။
ဒီနေ့ ၂၀၂၆ ခုနှစ်မှာတော့ ကျမတို့ဟာ မဲပေးခွင့်နဲ့ နိုင်ငံသားဖြစ်ခွင့်အတွက် ပြန်လည်တိုက်ပွဲဝင်ရတဲ့အထိ အခြေအနေ ဆိုးရွားသွားပါပြီ။ နိုင်ငံသားဖြစ်မှု ပြင်ဆင်ရေးဥပဒေ (CAA) နဲ့ အမျိုးသားနိုင်ငံသားမှတ်ပုံတင်စာရင်း (NRC) တို့ ပေါင်းစပ်လိုက်တာဟာ၊ နာဇီဂျာမနီခေတ် ၁၉၃၅ ခုနှစ် နူရမ်ဘတ် ဥပဒေတွေရဲ့ ဟိန္ဒူနိုင်ငံတော် ဗားရှင်းပါပဲ။ အဲဒီဂျာမန်ဥပဒေက ဂျာမန်နိုင်ငံသားတွေကို သူတို့ရဲ့ “အမွေဆက်ခံမှု စာရွက်စာတမ်း” တွေ ပေါ်မူတည်ပြီး တတိယနိုင်ငံတော်က နိုင်ငံသားအဖြစ် သတ်မှတ်ပေးခဲ့တာပါ။ (အိန္ဒိယမှာ အဲဒီလို စာရွက်စာတမ်း မျိုးရှိတဲ့သူ ဘယ်နှယောက်များ ရှိမလဲ။) ဆန္ဒပြသူတွေ အသတ်ခံရ၊ တက်ကြွလှုပ်ရှားသူတွေ ထောင်ချခံရတဲ့ လူထုဆန္ဒပြပွဲတွေအပြီးမှာ အဲဒီ CAA-NRC ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ မှေးမှိန်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဆန္ဒပြပွဲတွေကြောင့် အစိုးရက အဲဒီဥပဒေသစ်တွေကို အကောင်အထည်ဖော်တာ နှေးကွေးသွားခဲ့ရပါတယ်။
ဒါပေမဲ့ အခုတော့ မွတ်စလင်တွေကို အဓိက ပစ်မှတ်ထားတယ်လို့ လူအများစုက ယုံကြည်ထားတဲ့ CAA-NRC ဟာ မဲဆန္ဒရှင်စာရင်းများ အထူးကြပ်မတ် ပြင်ဆင်ရေးဆိုတဲ့ နာမည်ခံပြီး ပြန်ပေါ်လာပါပြီ။ ကျမတို့ရဲ့ ပတ်စ်ပို့တွေကတောင် နိုင်ငံသားဖြစ်ကြောင်း သက်သေမပြနိုင်ဘူးလို့ ပေါ့ပေါ့ဆဆ အသိပေးခံလိုက်ရပါတယ်။ သန်းနဲ့ချီတဲ့ လူတွေ မဲဆန္ဒရှင်စာရင်းကနေ ပယ်ဖျက်ခံနေရပါတယ်။ နိုင်ငံတဝန်းလုံးဟာ “အမွေဆက်ခံမှု စာရွက်စာတမ်းတွေ” ကို အသည်းအသန် ရှာဖွေနေကြရပါပြီ။ ကျမတို့ ဘယ်အခြေအနေ ရောက်နေလဲဆိုတာ မသိတော့ပါဘူး။ ကျမတို့က တရားဝင် နိုင်ငံသားတွေလား။ တရားမဝင် နိုင်ငံသားတွေလား။ ကျမတို့မှာ အခွင့်အရေးတွေ ရှိရဲ့လား။ ကျမတို့ထဲက ဘယ်သူတွေက “သံသယရှိဖွယ် နိုင်ငံသားများ” အတွက် ဆောက်လုပ်ထားတဲ့ ဧရာမ အကျဉ်းစခန်းကြီးတွေထဲကို ရောက်သွားမလဲ။ ခုံရုံးတခုပြီးတခု ပြေးလွှားရင်းနဲ့ပဲ ကျမတို့ရဲ့ နေ့ရက်တွေ ကုန်ဆုံးသွားတော့မလား။ ဖက်ဆစ်တွေကတော့ ကမောက်ကမဖြစ်တာတွေ၊ ရှုပ်ထွေးမှုတွေကို သဘောကျကြပါတယ်။
ကျမတို့ရဲ့ အထိတ်တလန့်ဖြစ်မှုနဲ့ နာကျင်မှုတွေက ပိုးဟပ် အုံကြွမှုအပေါ်မှာ မျှော်လင့်ချက်တွေ အလွန်အကျွံ ပုံချမိသွားစေနိုင်ပါတယ်။ တချို့ကဆိုရင် ဘင်္ဂလားဒေ့ရှ်၊ နီပေါနဲ့ သီရိလင်္ကာနိုင်ငံတွေမှာ အစိုးရအပြောင်းအလဲ ဖြစ်စေခဲ့တဲ့ လူငယ်အုံကြွမှုတွေနဲ့တောင် နှိုင်းယှဉ်နေကြပါပြီ။ ဒါပေမဲ့ အိန္ဒိယနိုင်ငံကြီးက အဲဒီလိုဖြစ်ဖို့ သိပ်ကို ကျယ်ဝန်းလွန်းပါတယ်။ တခြားသူတွေကလည်း ၁၉၇၇ ခုနှစ်မှာ အင်ဒရာဂန္ဒီကို ဖြုတ်ချခဲ့တဲ့ ဂျေပီနာရာယန်ရဲ့ လှုပ်ရှားမှုကြီးနဲ့ နှိုင်းယှဉ်ကြပါတယ်။ ဒီလို နှိုင်းယှဉ်တာတွေက အထောက်အကူ မဖြစ်ပါဘူး။ ပိုးဟပ် ပြည်သူ့ပါတီဟာ အဲဒါတွေ ဘာတခုမှ မဟုတ်ပါဘူး။ သူ့ဟာသူ သီးခြားဖြစ်တည်မှု တခုပါ။ ခေတ်ကာလက မွေးထုတ်လိုက်တဲ့ ထူးခြားတဲ့ ရလဒ်တစ်ခုပါပဲ။ ဆန့်ကျင်သူတွေကို သနားညှာတာမှု ကင်းမဲ့စွာနဲ့ ရက်ရက်စက်စက် ကလဲ့စားချေတတ်တဲ့ အစိုးရကို ရင်ဆိုင်နေရတဲ့ ထိလွယ်ရှလွယ် လူငယ်လေးတွေပါ။ အစိုးရဟာ လက်စားချေမှုတွေကို သေချာပေါက် စီစဉ်နေမှာဖြစ်ပြီး၊ အဓိက လှုံ့ဆော်သူတွေလို့ သူတို့ထင်တဲ့ သူတွေဆီကို လာရောက်ကြပါလိမ့်မယ်။
လူထုရဲ့ မုန်းတီးမှုကို အကြီးအကျယ် ခံလာရတဲ့ အစိုးရတရပ်အနေနဲ့ သူ့ကို မဲပေးခဲ့တဲ့ ပြည်သူတွေကို ဘာကြောင့် လိုက်လျောမှုတွေ မလုပ်ရဲလောက်အောင် ယုံကြည်မှု ရှိနေရတာလဲ။ ရွေးကောက်ပွဲဆိုတဲ့ စီးပွားရေးလုပ်ငန်းကို သူတို့ အောင်မြင်စွာ ကစားနိုင်ခဲ့ပြီလို့ ခံစားရလို့ ဖြစ်နိုင်ပါတယ်။ သူတို့ဟာ ယန္တရားကြီးကို သိမ်းပိုက်ထားပြီးပါပြီ။ ရွေးကောက်ပွဲကော်မရှင်ဟာ ဖွဲ့စည်းပုံအရကို အားနည်းနေပြီး ကြားနေမယ်ဆိုပြီး အားကိုးလို့ မရတော့ပါဘူး။ အီလက်ထရောနစ် မဲပေးစက် (EVM) တွေကို စီမံခန့်ခွဲထားပြီးပါပြီ။ မဲဆန္ဒရှင်စာရင်းတွေမှာ အစစ်အမှန် လူသန်းပေါင်းများစွာကို ဖယ်ထုတ်ထားပြီး၊ တစ္ဆေနာမည် သန်းပေါင်းများစွာကို ထည့်သွင်းထားပါတယ်။ ရွေးကောက်ပွဲကို ကြီးကြပ်ရတဲ့ ဗျူရိုကရက်ယန္တရားကလည်း အစိုးရနဲ့ လုံးဝ ပူးပေါင်းကြံစည်နေကြောင်း ပြသနေပါတယ်။ တရားရုံးတွေကလည်း ဆိုးရွားလှတဲ့ မဲလိမ်မဲခိုးမှုတွေကို အချိန်ဆွဲဖို့၊ ဒါမှမဟုတ် မျက်ကွယ်ပြုဖို့ အားကိုးလို့ ရနေပါတယ်။ ရဲတွေကလည်း ကြားနေတယ်ဆိုတာ ဘာမှန်းမသိတော့ပါဘူး။ စာနယ်ဇင်းတွေကလည်း အာဏာရှိသူက လက်ဖျောက်တချက်တီးလိုက်တာနဲ့ ဒူးထောက်ဦးညွှတ်နေကြပါပြီ။ အမြဲတမ်း ဘီဂျေပီ (BJP) အတွက်ပဲ အသာစီးရစေဖို့ မဲဆန္ဒနယ်မြေတွေကိုလည်း အသစ်ပြန်ဆွဲပါတော့မယ်။ အာဏာရပါတီအနေနဲ့ ဘာကိုကြောက်စရာ လိုသေးလဲ။ ဘာဖြစ်လို့ သူများစကားကို နားထောင်ရမှာလဲ။ သူတို့ဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး နိုင်ငံရေးပါတီ ဖြစ်ပြီး ကမ္ဘာ့အချမ်းသာဆုံး စက်မှုလုပ်ငန်းရှင်ကြီးတွေက ကျောထောက်နောက်ခံပေးထားတာပါ။ ဘာမဆို သူတို့ ဝယ်လို့ရတယ်။ ဘယ်သူ့ကိုမဆို ဝယ်လို့ရတယ်။ ဒါမှမဟုတ် ဒီလိုပဲ သူတို့ ယုံကြည်ထားကြပါတယ်။
ဒါပေမဲ့ ဒီကစားပွဲက ထာဝရ တည်တံ့နိုင်ပါ့မလား။ ပြည်သူအားလုံးကို အချိန်တိုင်း လှည့်စားထားနိုင်ပါ့မလား။ လူဦးရေ တစ်ဘီလီယံခွဲ ရှိတဲ့ နိုင်ငံကြီးကို သေနေတဲ့ အလောင်းကောင်ကြီ တခုလို အမြဲတမ်း ဆွဲခေါ်သွားနိုင်ပါ့မလား။ မရပါဘူး။ ပိုးဟပ်တွေ အပြင်ထွက်လာကြပြီ။ တောင်သူလယ်သမားတွေကလည်း အိန္ဒိယ-အမေရိကန် ကုန်သွယ်ရေး သဘောတူညီချက် (အိန္ဒိယအစိုးရက သူတို့ကိုယ်စား ကျွန်လို လက်မှတ်ထိုးပေးခဲ့တဲ့ သေဒဏ်ပေးစာ) ကို ဆန့်ကျင်ဖို့ ဒေလီကို နောက်တကြိမ် ပြန်လည်ချီတက်လာကြပါပြီ။ မြို့တော်ရဲ့ နယ်နိမိတ်တွေကို ပိတ်ဆို့ထားပေမဲ့ ဒါက သူတို့ကို တားဆီးနိုင်ဖို့ မလွယ်ပါဘူး။ ကျမတို့ ကျန်တဲ့သူတွေလည်း လယ်သမားတွေနဲ့ ပိုးဟပ်တွေဆီကနေ နည်းနည်းလောက်ပဲဖြစ်ဖြစ် အစိုးရကို ဘယ်လို ရင်ဆိုင်ပေးရမလဲ ဆိုတာကို သင်ခန်းစာယူနိုင်ကြပါတယ်။ လူငယ်တွေက ကျမတို့ကို လက်ဆောင်တခု ပေးခဲ့ပါပြီ။ သူတို့လုပ်ခဲ့တဲ့ အရာတွေ အရာထင်လာဖို့က ကျမတို့အားလုံး၊ တယောက်ချင်းစီတိုင်းအပေါ်မှာ မူတည်နေပါတယ်။
ဝန်ကြီးချုပ်တယောက် ကိုယ်တိုင်ကိုယ်ကျ ထွက်ပြေးရပြီဆိုရင်၊ နိုင်ငံရေးအရပါ ထွက်ပြေးရဖို့ သိပ်မလိုတော့ပါဘူး။
ဒါပေမဲ့ ဒီအစိုးရက အလွယ်တကူတော့ ထွက်သွားမှာ မဟုတ်ပါဘူး။ မြို့တော်ရဲ့ လမ်းမတွေပေါ်မှာ အရှက်ခွဲခံရတာကို သူတို့ သည်းခံမှာ မဟုတ်ပါဘူး။ သွေးထွက်သံယိုတွေ မြင်ရဖို့ ရှိပါတယ်။ လူငယ်တွေရဲ့ ဒေါသတွေက ပေါက်ကွဲလုနီးပါး ဖြစ်နေပါပြီ။ တက်ကြွပြီး ဒေါသထွက်နေတဲ့ လူအုပ်ကြီးထဲက တယောက်ယောက် ဒေါသမထိန်းနိုင်ဖြစ်သွားပြီး၊ ရဲတွေဘက်က ပစ်ခတ်နှိမ်နင်းဖို့ အကြောင်းပြချက်ရသွားမဲ့အချိန် ဘယ်လောက်များ လိုပါတော့မလဲ။ သူတို့က ကျမတို့ကို ချိုးဖျက်ဖို့ လုပ်နိုင်သမျှ အကုန်လုပ်ကြပါလိမ့်မယ်။ ကျမတို့ကလည်း သူတို့ကို တားဆီးဖို့ လုပ်နိုင်သမျှ အကုန်လုပ်ကြရပါမယ်။
အာရန်ဒါတီ ရွိုင်း
Ref: The Walrus
နယူးဒေလီမြို့တွင် နေထိုင်သည့် စာရေးဆရာမ Arundhati Roy သည် Booker Prize ရရှိခဲ့သော 'The God of Small Things' ဝတ္ထုကို ရေးသားခဲ့သူဖြစ်ပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားမှုနှင့် သူ၏ အရေးအသားများကြောင့် လူသိများသူဖြစ်သည်။ ။










