DVB Logo
Home
ဆောင်းပါး
မြန်မာနိုင်ငံကို ဘယ်သူ အုပ်ချုပ်နေသလဲ
DVB
·
April 1, 2026
မြန်မာနိုင်ငံကို ဘယ်သူ အုပ်ချုပ်နေသလဲ
Donate to DVB

အသက်ဆုံးရှုံးရသူ ၈၉,၀၀၀၊ မတရားဖမ်းဆီးခံရသူ ၃၀,၀၀၀ နဲ့ စစ်ဘေးရှောင် ၃ ဒသမ ၄ သန်း။ ဒါတွေက ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းပြီးနောက် ၅ နှစ်အတွင်း မြန်မာနိုင်ငံကို ကိုယ်စားပြုနေတဲ့ အမြဲတမ်း မြင့်တက်နေတဲ့ ကိန်းဂဏန်းတွေပါ။ ဥပဒေရှုထောင့်ကကြည့်ရင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) အမည်ခံ စစ်တပ်က နယ်မြေသိမ်းပိုက်မှုနဲ့ အုပ်ချုပ်ရေးအာဏာကို သုံးပြီး လက်တွေ့ (de facto) ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။ တဖက်မှာလည်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကနေ ပေါက်ဖွားလာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရှိနေပါတယ်။ NUG ကတော့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ သူတို့သာ တရားဝင်အစိုးရ (de jure) ဖြစ်တယ်လို့ ကြွေးကြော်ထား ပါတယ်။

နိုင်ငံတကာအသိုက်အဝန်းက မြန်မာနိုင်ငံကို “လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေး” ဆိုက်နေတယ်လို့ တရားဝင်အသိအမှတ်ပြုပြီး စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ရှုတ်ချထားပါတယ်။ ဒါပေမဲ့ တရားဝင်အသိအမှတ်ပြုမှုနဲ့ ထိရောက်တဲ့ ဥပဒေကြောင်းအရ ဝင်ရောက်စွက်ဖက်မှု အပိုင်းမှာတော့ သဘောထားကွဲလွဲနေကြဆဲပါ။ မကြာသေးခင်က ကျင်းပခဲ့တဲ့ စစ်ကောင်စီရဲ့ အငြင်းပွားဖွယ် ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲတွေနဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဆက်လက်စစ်ဆေးနေတဲ့ ‘ဂမ်ဘီယာနှင့် မြန်မာ’ အမှုတွေက ဒီဥပဒေရေးရာ ရှုပ်ထွေးမှုကို ပိုဆိုးစေပါတယ်။ အဆုံးသတ်မှာတော့ ၅ နှစ်ကြာတဲ့အထိ “ဥပဒေမျက်စိနဲ့ကြည့်ရင် မြန်မာနိုင်ငံကို တကယ်တမ်း ဘယ်သူအုပ်ချုပ်နေတာလဲ” ဆိုတဲ့ မေးခွန်းက ကျန်ရှိနေဆဲပါ။

နိုင်ငံတနိုင်ငံရဲ့ အင်္ဂါရပ်နဲ့ လက်တွေ့အခြေအနေ

မွန်တီဗီဒီယို သဘောတူစာချုပ် (Montevideo Convention) ကို အဓိက ဥပဒေစံနှုန်းအနေနဲ့ ကြည့်မယ်ဆိုရင် နိုင်ငံတနိုင်ငံ ဖြစ်ဖို့ဆိုတာ အမြဲတမ်းနေထိုင်တဲ့ လူဦးရေ၊ တိကျတဲ့နယ်မြေ၊ အစိုးရတရပ်နဲ့ နိုင်ငံတကာဆက်ဆံရေး လုပ်ဆောင်နိုင်စွမ်းတွေ ရှိရပါမယ်။ နယ်မြေပိုင်းဆိုင်ရာအရ စစ်ကောင်စီက မြို့တော်နဲ့ မြို့ကြီးအများစုကို ရုပ်ပိုင်းဆိုင်ရာအရ ထိန်းချုပ်ထားပါတယ်။ အတင်းအကျပ် အင်အားသုံးပြီး အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်နေတာကလည်း လက်တွေ့အုပ်ချုပ်နေတယ် ဆိုတာကို ပြသနေပါတယ်။

ဒါပေမဲ့ စစ်ကောင်စီရဲ့ နယ်မြေစိုးမိုးမှုကို အေးအေးဆေးဆေးတော့ ခွင့်မပြုထားပါဘူး။ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) က ကြီးမားတဲ့ ဆန့်ကျင်မှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။ NUG က အစပိုင်းမှာ CDM ဝန်ထမ်းတွေကို ထောက်ပံ့ကြေးပေးနိုင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ရပ်ဆိုင်းသွားခဲ့ရလို့ NUG ရဲ့ အုပ်ချုပ်ရေး လက်လှမ်းမီမှု အတိုင်းအတာကိုလည်း မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ စစ်ကောင်စီက ဝန်ထမ်းတွေကို အလုပ်ပြန်ဆင်းဖို့ အကြိမ်ကြိမ် အမိန့်ထုတ်နေရတာကိုကြည့်ရင် တည်ငြိမ်တဲ့ အုပ်ချုပ်ရေးအတွက် လိုအပ်တဲ့ “ပြည်သူ့သဘောတူညီချက်” (consent of the governed) မရသေးဘူးဆိုတာ ထင်ရှားပါတယ်။

ဒါတောင်မှ စစ်ကောင်စီက မြို့ပေါ်တွေမှာ ၂၀၁၀ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ခြိမ်းခြောက်ပြီး အစိုးရယန္တရားတွေကို ဆက်လည်ပတ်နေအောင် လုပ်နေပါတယ်။ ၂၀၂၄ ခုနှစ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ရဲ့ အစီရင်ခံစာမှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ (EAOs) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ (PDFs) က မြို့နယ် ၄၈ မြို့နယ်ကို အပြည့်အဝ ထိန်းချုပ်ထားတယ်ဆိုတဲ့ NUG ရဲ့ ပြောဆိုချက်ကို ကိုးကား ဖော်ပြထားပါတယ်။ စစ်တပ်ရဲ့ ယာယီသန်းခေါင်စာရင်း ကောက်ယူမှု ရလဒ်တွေကတောင် စစ်ကောင်စီရဲ့ နယ်မြေစိုးမိုးမှု ကန့်သတ်ချက် ရှိနေတာကို ပြသနေပါတယ်။

သံတမန်ရေးရာ အားပြိုင်မှုနဲ့ ICJ အမှု

မကြာသေးခင်က ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးလာကြတဲ့ အရေးကြီးအချက်တချက် ရှိပါတယ်။ အဲဒါကတော့ ၂၀၂၁ အာဏာသိမ်းပြီးကတည်းက ၂၀၂၆ ခုနှစ်အထိ ကုလသမဂ္ဂ မဲပေးခွင့်ရဖို့ NUG က မြန်မာနိုင်ငံရဲ့ အဖွဲ့ဝင်ကြေး ဒေါ်လာ ၁ သန်းခန့်ကို ပေးသွင်းနေတဲ့ ကိစ္စပါ။ ဒါက သံအမတ်ကြီး ဦးကျော်မိုးထွန်းကတဆင့် NUG ကို တရားဝင်ကိုယ်စားပြုခွင့် (de jure) ဆက်ရနေစေပြီး စစ်ကောင်စီကို နိုင်ငံတကာစင်မြင့်ကနေ ပိတ်ဆို့ထားနိုင်စေပါတယ်။ သံတမန်ရေးအရ နေရာရနေတာက တရားဝင်အချုပ်အခြာအာဏာ ရှိတယ်လို့ အမြဲတမ်း မဆိုလိုပေမဲ့ ဒီရန်ပုံငွေတွေကို ပြည်သူတွေဆီကနေ NUG ကတဆင့် ရနေတာဖြစ်လို့ ဥပဒေကြောင်းအရ အလေးသာနိုင်ပါတယ်။

ဒါက မေးခွန်းတခု ထွက်လာစေပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲ သက်တမ်းကုန်သွားပေမဲ့ ဒီလို ပြည်သူတွေဆီကနေ ရန်ပုံငွေ အဆက်မပြတ် ရနေတာကပဲ NUG ကို ‘ဆက်တိုက်အသက်ဝင်နေတဲ့ လုပ်ပိုင်ခွင့်’ တခု ဖြစ်စေသလား ဆိုတာပါပဲ။

ဒီကိုယ်စားပြုခွင့် အားပြိုင်မှုဟာ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) အထိ ရောက်လာပါတယ်။ သမိုင်းဝင် ‘ဂမ်ဘီယာနှင့် မြန်မာ’ အမှု ကြားနာပွဲမတိုင်ခင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာ NUG က တရားရုံးတော်ရှေ့မှောက်မှာ သူတို့သာ တခုတည်းသော တရားဝင်ကိုယ်စားလှယ်ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုခဲ့ပါတယ်။ “စစ်ကောင်စီကို ICJ မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ပေးတာဟာ ရိုဟင်ဂျာတွေနဲ့ မြန်မာပြည်သူအားလုံးရဲ့ ဂုဏ်သိက္ခာကို စော်ကားတာပါပဲ၊ တရားရုံးတော်အနေနဲ့ ပြည်သူတွေရဲ့ အသံကို နားထောင်ဖို့လိုအပ်ပါတယ်” လို့ NUG က ပြောကြားခဲ့ပါတယ်။

အချိန်ကာလရဲ့ စမ်းသပ်မှု

ပဋိပက္ခရဲ့ ဥပဒေရေးရာ အခြေခံကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓိပ္ပာယ်ကောက် လွဲနေကြတာပါပဲ။ စစ်ကောင်စီက ၂၀၂၀ ရွေးကောက်ပွဲ မဲလိမ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းတာကို ဥပဒေနဲ့ညီတယ်လို့ အကြောင်းပြပါတယ်။ NUG ကတော့ ဖယ်ရှားခံလိုက်ရတဲ့ ရွေးကောက်ခံအမတ်တွေပါတဲ့ CRPH ကနေတဆင့် သူတို့ရဲ့ တရားဝင်လုပ်ပိုင်ခွင့်ကို ရယူထားပါတယ်။ ဒါပေမဲ့ ပဋိပက္ခ ၅ နှစ်ထဲ ဝင်လာတဲ့အခါ နှစ်ဖက်စလုံးဟာ ‘အချိန်ကာလရဲ့ စမ်းသပ်မှု’ ကို ရင်ဆိုင်နေရပါပြီ။

NUG ရဲ့ မူလရွေးကောက်ပွဲလုပ်ပိုင်ခွင့် သက်တမ်းက သဘာဝအရ ကုန်ဆုံးသွားပါပြီ။ ဒါပေမဲ့ လုပ်ပိုင်ခွင့်အသစ်ရဖို့ ဖန်တီးခဲ့တဲ့ စစ်ကောင်စီရဲ့ ကြိုးပမ်းမှုကလည်း နိုင်ငံတကာရဲ့ ထောက်ခံမှု မရခဲ့ပါဘူး။ ၂၀၂၆ ခုနှစ် အစောပိုင်းမှာ ပြီးစီးခဲ့တဲ့ စစ်တပ်ကကျင်းပတဲ့ ရွေးကောက်ပွဲရလဒ်တွေကို အာဆီယံက အသိအမှတ်မပြုဘူးလို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက အတည်ပြုခဲ့ပါတယ်။ ဒါဟာ ဒေသတွင်းက စစ်ကောင်စီကို အသိအမှတ်ပြုဖို့ ငြင်းဆန်လိုက်တာပါပဲ။ ဒါပေမဲ့လည်း ၂၀၂၅ မတ်လ ငလျင်အပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ နယ်စပ်ကုန်သွယ်ရေးလို လက်တွေ့ကျတဲ့ ကိစ္စတွေမှာ အိမ်နီးချင်းနိုင်ငံအများစုနဲ့ ကူညီကယ်ဆယ်ရေး အေဂျင်စီတွေဟာ စစ်ကောင်စီနဲ့ မလွှဲမရှောင်သာ ဆက်ဆံနေရတဲ့ ဖြေရှင်းမရသေးတဲ့ ရှုပ်ထွေးမှုတွေ ရှိနေဆဲပါ။

နိဂုံး

မြန်မာနိုင်ငံရဲ့ ရှေ့ဆက်ရမဲ့လမ်းဟာ နိုင်ငံတကာဥပဒေရဲ့ အဓိကအယူအဆ ၂ ခုဖြစ်တဲ့ “လက်တွေ့စိုးမိုးမှု” (de facto) နဲ့ “ဥပဒေအရ တရားဝင်မှု” (de jure) တို့ကြားက အခြေခံပဋိပက္ခအပေါ်မှာ မူတည်နေပါတယ်။ နိုင်ငံတကာဥပဒေဟာ ကိုယ်ပိုင်နယ်မြေမရှိတဲ့ NUG လိုမျိုးအပေါ်မှာ လက်တွေ့ဆန်လွန်းလှပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သံတမန်ရေးရာ ရပ်တည်မှုတွေ လျော့ကျသွားလေ့ ရှိပါတယ်။

ဒါပေမဲ့ ၅ နှစ်ကြာတဲ့အထိ NUG ဟာ သံတမန်ရေးရာ မဲပေးခွင့်ရော၊ ပြည်သူ့ဘဏ္ဍာရန်ပုံငွေကိုပါ ထိန်းသိမ်းထားနိုင်တာကို ကြည့်ရင် သမိုင်းမှာ တွေ့ရလေ့ရှိသလို ‘အချိန်ကာလရဲ့ စမ်းသပ်မှု’ ဟာ စစ်ကောင်စီဘက်ကို အပြည့်အဝ အလေးသာမနေဘူးဆိုတာ ပြသနေပါတယ်။ မြန်မာပြည်သူတွေအတွက်တော့ ဥပဒေအရ တရားဝင်မှုဆိုတာထက် “ဘယ်သူက ဒီအကြမ်းဖက်မှုတွေကို အဆုံးသတ်ပေးနိုင်မလဲ” ဆိုတဲ့ အရေးတကြီး မေးခွန်းက ပိုအရေးကြီးနေပါတယ်။ အဲဒီအချက်မှာတော့ ဘယ်ဘက်ကမှ သက်သေမပြနိုင်သေးပါဘူး။

Ref: Jurist 

(အမေရိကန်အခြေစိုက် ဥပဒေရေးရာသတင်းများကို ဖော်ပြပေးနေသည့် Jurist ဝက်ဆိုက်တွင် လုံခြုံရေးအရ အမည်မဖော်လိုသည့် ဆောင်းပါးရှင်တဦးရေးသားထားသည့် “Who Rules Myanmar? Five Years On, International Law Has No Clear Answer”  ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013