
နယူးယောက်က လာဂွါးဒီးယားလေဆိပ်မှာ Air Canada ခရီးသည်တင် လေယာဉ်နဲ့ မီးသတ်ကား တိုက်မိတဲ့ စီစီတီဗွီမှတ်တမ်း ထွက်ပေါ်လာပါတယ်။
မတ်လ ၂၂ ရက် ညပိုင်းက ဖြစ်ပွားခဲ့တဲ့ ဒီမတော်တဆမှုကြောင့် လေယာဉ်မှူး ၂ ယောက် သေဆုံးခဲ့ပြီး ၄၁ ယောက် ဒဏ်ရာရခဲ့ပါတယ်။
လေယာဉ်ဟာ ပြေးလမ်းပေါ် ဆင်းသက်ပြီးချိန်မှာ တနာရီ ၂၄ မိုင်နှုန်းနဲ့ မီးသတ်ကားကို ဝင်တိုက်ခဲ့တာပါ။ အဲဒီမီးသတ်ကားဟာ တခြားလေယာဉ်တစင်းရဲ့ အနံ့ထွက်နေတဲ့ ပြဿနာကို သွားရောက်စစ်ဆေးနေတာ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမျိုးသားသယ်ယူပို့ဆောင်ရေး လုံခြုံရေးဘုတ်အဖွဲ့ (NTSB) ဥက္ကဋ္ဌ ဂျနီဖာဟိုမန်ဒီက စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့ မတ် ၂၃ ရက်မှာ အတည်ပြုပါတယ်။
လေယာဉ်ရဲ့ အသံဖမ်းစက်နဲ့ အချက်အလက်မှတ်တမ်းတွေကို ခွဲခြမ်းစိတ်ဖြာနေတယ်လို့ ဟိုမန်ဒီက ဆက်ပြောပါတယ်။
ဒီဖြစ်စဉ်ကြောင့် လာဂွါးဒီးယားလေဆိပ်က ပြေးလမ်းကို မတ် ၂၇ ရက်အထိ ပိတ်ထားရမှာဖြစ်လို့ လေကြောင်းခရီးစဉ် ရာနဲ့ချီ ဖျက်သိမ်းခဲ့ရပါတယ်။
အစိုးရယန္တရားတချို့ ရပ်ဆိုင်းနေတာကြောင့် လေဆိပ်လုံခြုံရေးဝန်ထမ်းတွေ အင်အား နည်းပါးနေချိန်မှာ ခုလိုဖြစ်ပွားခဲ့တာက ခရီးသွားလာရေးကို ပိုမိုကြန့်ကြာစေခဲ့ပါတယ်။
နယူးယောက်မြို့တော်ဝန် ဇိုရန်မမ်ဒါနီကတော့ အသက်ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ လျင်မြန်တဲ့ လုပ်ဆောင်မှုတွေကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။
Source: Reuters








