DVB Logo
Home
မြန်မာသတင်း
PPST မှ နုတ်ထွက်ခြင်းကြောင့် NCA လမ်းကြောင်းကို လုံးဝမထိခိုက်ဟု KNU ပြော
DVB
·
May 19, 2019
PPST မှ နုတ်ထွက်ခြင်းကြောင့် NCA လမ်းကြောင်းကို လုံးဝမထိခိုက်ဟု KNU ပြော
Donate to DVB

အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ကနေ နုတ်ထွက်ကြောင်း ကရင်အမျိုးသားအစည်းအရုံးက စာတင်ခဲ့ပါတယ်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားတဲ့ ဆယ်ဖွဲ့ ထိပ်သီးခေါင်းဆောင်တွေရဲ့ ညီလာခံမှာ နုတ်ထွက်စာတင်ခဲ့တာဖြစ်ပြီး နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ချင်တာကြောင့် အခုလို တင်ရတာလို့ ကေအန်ယူ အထွေထွေ အတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြောပါတယ်။

“ဘာကြောင့်တင်လဲဆိုတော့ ဒီပူးပေါင်းဆောင်ရွက်မှုတွေဆိုတာ ethnic တွေကြားထဲမှာ ပူးပေါင်းဆောင်ရွက်မှုဆိုတာ နေရာတိုင်းမှာ ရှိရတယ်လေ။ အချိန်အခါကာလအပေါ်မှာမူ တည်ပြီးတော့ လိုသလိုတော့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရတာပေါ့နော်။ အဲဒီအခြေခံပေးမှာ မူတည်ပြီးတော့ ဒီအခု PPST နဲ့ ပူးပေါင်းဆာင်ရွက်မှုတွေဟာ ပြုပြင်ပြောင်းလဲသင့်တဲ့ အချိန်တချိန်ကို ရောက်လာပြီးတော့ ကျနော်တို့ PPST နဲ့ လက်ရှိ ဗမာပြည်နိုင်ငံရေးအခြေအနေနဲ့ သဟဇာတဖြစ်တဲ့ အခင်းအကျင်းတခုကို သွားသင့်တယ်ဆိုတဲ့ ယူဆချက်ကြောင့် ပြုပြင်ပြောင်းလဲမှု လုပ်တာပဲဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲမှု လုပ်တဲ့နေရာမှာလည်း ဘယ်လို လုပ်သင့်လဲ ဆိုတဲ့အပိုင်းမှာ ရွေးချယ်မှုရှိတာပေါ့နော်။ အဲတော့ ကေအန်ယူအနေနဲ့ကတော့ ဒီ PPST အစုအဖွဲ့ရဲ့ အစိတ်အပိုင်းတခုကနေပြီးတော့ ဒီတိုင်း ဆက်ရှိမနေသင့်တော့ဘဲနဲ့ ပိုပြီးတော့ ကျယ်ပြန့်တဲ့ စုဖွဲ့မှုတခုဖြစ်အောင် ကြိုးစားသင့်တယ်ဆိုတဲ့ အယူအဆကြောင့်ပါ။”

ဒီလိုနုတ်ထွက်ဖို့ တင်လိုက်ပြီဖြစ်ပေမယ့် ဒီကနေ့ ထိပ်သီးခေါင်းဆောင်တွေရဲ့ စတုတ္ထအကြိမ် အစည်းအဝေးက (ပထမပိုင်း) သာ ပြီးဆုံးပြီး ဒုတိပိုင်းဆက်လက်ဆွေး နွေးဖို့ရှိသေးတဲ့အတွက် နုတ်ထွက်ခွင့်ပြုမပြု မဆုံးဖြတ်ရသေးဘူးလို့လည်း ပြောပါတယ်။

ကေအန်ယူအနေနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ PPST ကနေနုတ်ထွက်တာသာဖြစ်ပြီး တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး လမ်းကြောင်းကို ထိခိုက်မှာ မဟုတ်ဘူးလို့လည်း ပဒိုစောတာဒိုမူးက ပြောပါတယ်။

“PPST က အစိုးရနဲ့ လက်မှတ်ထိုးထားတာမှမဟုတ်ဘဲ။ ကျနော်တို့ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးတဲ့နေရာမှာ အဖွဲ့အစည်းတခုစီတိုင်းအနေနဲ့ ထိုးထားတာကိုး။ ဒီလိုထိုးထားတဲ့နေရာမှာ PPST အစုအဖွဲ့ကတော့ စုစုစည်းစည်းနဲ့ ညှိနှိုင်းတိုင်ပင်နိုင်အောင်ဆိုတဲ့ သဘောမျိုးနဲ့ ဖွဲ့ထားတာ ပဲဖြစ်တယ်လေ။ အမှန်တကယ် ကျနော်တို့ အန်စီအေ ယန္တရားရဲ့ အစိတ်အပိုင်းတွေမှာ ပါဝင်အကောင်အထည်ဖော်တဲ့နေရာမှာတော့ သက်ဆိုင်ရာ တဖွဲ့ချင်းစီကနေပြီးတော့ သူတို့ရဲ့ ကိုယ်စားလှယ်တွေကို စေလွှတ်ပြီး လုပ်တဲ့သဘော ရှိတဲ့အခါကျတော့ ဒီလို ကျနော်တိုရဲ့ စုဖွဲ့မှု အပြောင်းအလဲတွေကြောင့် အန်စီအေလမ်းကြောင်းမှာ လုံးဝ ထိခိုက်မှုမရှိပါဘူးလို့ ဒါကို ကနော် ပြောချင်ပါတယ်။”

ဒါ့အပြင် ချင်းမိုင်မြို့မှာ ၄ ရက်တာ ကျင်းပပြီးစီးခဲ့တဲ့ စတုတ္ထအကြိမ်မြောက် အန်စီအေ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ NCA-S EAO ထိပ်သီးညီလာခံမှာလည်း လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး ပါဝင်ဆွေးနွေးနိုင်မယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကောင်အထည်ဖော်ဆောင်မှုဆိုင်ရာ စုဖွဲ့မှုတခု ဖွဲ့စည်းနိုင်ရေး  အလုပ်အဖွဲ့ ၂ ဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။

ဒီအဖွဲ့ ၂ ခု ဖွဲ့စည်းရတာနဲ့ပတ်သက်ပြီး ပဒိုတာဒိုမူးက “အဓိကကတော့ ကျနော်တို့ တစ်ဆို့နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကျနော်တို့ ဘယ်လိုကျော်လွှားသွားနိုင်မလဲဆိုတဲ့ အဖြေကို ရှာနိုင်ဖို့အတွက် ဒါကို ကျနော်တို့ အလုပ်အဖွဲ့တခု ဖွဲ့လိုက်တာပေါ့နော်။ အဲဒီအလုပ်အဖွဲ့ကတော့ PPST တွေမကဘူး။ PPST အပေါင်း ၂ ပေါနေ့်ာ။ အဲဒီအဖွဲ့ဝင်များပါဝင်တဲ့ ကိုယ်စားလှယ်များကနေပြီးတော့ ဒီတစ်ဆို့မှုတွေကို ကျော်လွှားနိုင် လောက်တဲ့ အဆိုပြုလွှာတခု အဆင့် ၄ ဆင့် ဖက်ဒရယ်ရည်မှန်းချက်ကို ပြည့်မီအောင် ရောက်ရှိနိုင်တဲ့ အဆင့် ၄ ဆင့်ပါတဲ့ အဆိုပြုလွှာတခုနဲ့ပတ်သက်လို့ ကျနော်တို့ အလုပ်အဖွဲ့တခု ဖွဲ့ထားတာဖြစ်ပါတယ်။ အဲဒီအလုပ်အဖွဲ့အပြင် အခုနက ပြောတဲ့ဖြစ်ပေါ်လာမယ့် နိုင်ငံရေးအခင်းအကျင်းရယ်၊ လက်ရှိဖြစ်ပေါ်နေတဲ့ ငြိမ်းချမ်းရေးအခင်းအကျဉ်းအပေါ်မှာ လိုက်လျောညီထွေစွာ စုဖွဲ့နိုင်တဲ့ အခုလက်ရှိ စုဖွဲ့မှုထက်ပိုပြီးတော့ အင်အားကောင်းပြီးတော့ ဆုံးဖြတ်ချက်ချမှတ်မှုမှာလည်း ပိုပြီးမျှတဲ့ စုဖွဲ့မှုတခုကို ရရှိနိုင်ဖို့၊ အဖြေရှာနိုင်ဖို့အတွက် နောက်ထပ် အလုပ်အဖွဲ့ကို ဖွဲ့ထားတာဖြစ်ပါတယ်။ အဒီအလုပ်အဖွဲ့ ၂ ဖွဲ့ကနေပြီးတော့မှ ဒီလိုမျိုး အခြေခံပြီးတော့ ရှေ့ဆက်လုပ်ရမယ့် ကိစ္စတခုအနေနဲ့ ကျနော်တို့သဘောတူထားတာရှိပါတယ်”  လို့ ပြောပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်တိုရဲ့ တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ ကိစ္စရပ်တွေနဲပတ်သက်ပြီး လွှတ်တော်မှာ ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေဟာ ဒီမိုကရေစီနဲ့  ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အခြေခံမူတွေနဲ့ သဟဇာတဖြစ်ဖို့ လိုအပ်ကြောင်း ၄ ရက်တာ အစည်းအဝေးအပြီး ထုတ်ပြန်ခဲ့ပါတယ်။

“တလောတုန်းက လွန်ခဲ့တဲ့ နှစ်လသုံးလလောက်က ထင်တယ်။ လွှတ်တော်ထဲမှာ မြေယာနဲ့ပတ်သက်ပြီးတော့ ဥပဒေထုတ်လိုက်တယ်ဟုတ်လား။ အဲဒီကိစ္စက ကျနော်တို့ ရည်ရွယ်ထားတဲ့ ဖက်ဒရယ်မူနဲ့ လွှဲမှားနေတယ်လို့ ကျနော်တို့ မြင်တယ်။ ဒါလွှတ်တော်က သတ်မှတ်လိုက်တာ တပြည်လုံးလို့ သတ်မှတ်လိုက်တော့ ကျနော်တို့ သူ့သက်ဆိုင်ရာ ပြည်နယ်အလိုက် မြေယာဆိုင်ရာဆိုတာကတော့ ပြည်နယ်အလိုက် သူ့အခြေအနေနဲ့ ကိုက်ညီအောင် စိစစ်ဖို့ လိုတယ်လို့ကျနော်တို့မြင်တယ်။ ဒါက အဲဒီလိုသတ်မှတ်လိုကတော့ ကျနော်တို့ ရည်ရွယ်ထားတဲ့ ဖက်ဒရယ်မူနဲ့ ကျော်လွန်နေတယ်။ လွဲမှားနေတယ်လို့ ကျနော်တို့ အဲလိုမြင်တဲ့အပေါ်မှာ ဒါကို ထောက်ပြတာ” လို့ သတင်းစာရှင်လင်းပွဲမှာ ဦးနိုင်ဟံသာက ပြောပါတယ်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုး ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ (NCA-S EAO )ရဲ့ စတုတ္ထ ကြိမ်မြောက် ထိပ်သီးညီလာခံကို ချင်းမိုင်မှာ မေလ ၁၄ ရက်ကနေ ၁၈ ရက်အထိ ကျင်းပခဲ့တာပါ။

ဒီညီလာခံကို အန်စီအေ အပစ်ရပ်အဖွဲ့တွေအပြင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ကလည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့ကြ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013