
နိုင်ငံအနှံ့က လူငယ်တွေကို အဓမ္မ ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင်က ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ လူငယ်တွေကြောင့် တိုင်းပြည် နစ်နာနေတယ်လို့ ပြစ်တင်ဝေဖန် ပြောဆိုလိုက်ပါတယ်။
ဩဂုတ် ၃၁ ရက်က နေပြည်တော်ရှိ Naypyidaw State Academy၊ ဘွဲ့နှင်းသဘင်ခန်းမမှာ ကျင်းပတဲ့ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနဲ့ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့တဲ့ ကျောင်းသားတွေနဲ့ တွေ့ဆုံစဉ် အခုလို ပြောကြားခဲ့တာပါ။
အဲဒီတွေ့ဆုံပွဲမှာ လူငယ်တွေအနေနဲ့ တိုင်းတပါးနိုင်ငံတွေမှာ သွားရောက် အလုပ်လုပ်ကိုင်နေကြတဲ့အတွက် နိုင်ငံတော်အနေနဲ့ အလွန်နစ်နာပြီး နိုင်ငံ့အရင်းအမြစ်တွေ များစွာဆုံးရှုံးရတယ်လို့ စစ်အာဏာရှင် မင်းအောင်လှိုင်က ပြောသွားတာပါ။
ဒါ့အပြင် လူငယ်တွေအနေနဲ့ မိမိတို့နိုင်ငံက သင်ပေးထားတဲ့ ပညာရပ်တွေနဲ့ မိမိနိုင်ငံ၊ မိမိလူမျိုးကို အပြည့်အဝအကျိုးပြုပြီး ပြန်လည်ကျေးဇူးဆပ်နိုင်ကြဖို့လည်း သူက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက အခုအချိန်ထိ နိုင်ငံအနှံ့က လူငယ်တွေကို မတရားဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေ လုပ်ဆောင်နေတဲ့အပြင် စစ်ခေါင်းဆောင် ဦးသန်းရွှေ လက်ထက်က ပြဋ္ဌာန်းခဲ့တဲ့ စစ်မှုထမ်းဥပဒေကို အတည်ပြုပြီး လူငယ်တွေကို နည်းမျိုးစုံသုံးကာ အဓမ္မ စစ်သားစုဆောင်းတာ၊ အဓမ္မ ပေါ်တာဆွဲဖမ်းဆီးတာတွေကို စစ်အုပ်စုက ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
အဲဒီလို စစ်အုပ်စုရဲ့ မတရားဖမ်းဆီးသတ်ဖြတ်တာတွေ၊ အဓမ္မတပ်သားသစ်စုဆောင်းတာတွေ၊ ပေါ်တာဆွဲမှုတွေကြောင့် နေ့စဉ် လုံခြုံမှုမရှိတဲ့ လူငယ်တွေဟာ ပြည်ပကို ထွက်ပြီး အလုပ်အကိုင်တွေ ရှာဖွေလုပ်ကိုင်နေကြရတာလည်း ဖြစ်ပါတယ်။
ရွှေပြည်သာမြို့ကနေ ဒူဘိုင်းမှာ အလုပ်သွားလုပ်နေတဲ့ လူငယ်တယောက်ရဲ့ မိခင်က “ဘယ်သူကတော့ မိသားစုနဲ့ ခွဲပြီး သွားချင်ကြမလဲ။ ဒီမှာက လုံမှမလုံခြုံတာ။ နေ့တိုင်း ကျီးလန့်စာစား ဖြစ်နေကြရတာလေ။ အမေစုလက်ထက်ကလို အခြေအနေမျိုး ဘယ်တော့ ပြန်ရောက်မလဲဘဲ မျှော်လင့်နေရတာ။ အဲဒီတုန်းက ပြည်သူတွေအားလုံး လုံခြုံအေးချမ်းကြတယ်လေ။ အခုကတော့ မိသားစုတော်တော်များများက သားတကွဲမယားတကွဲနဲ့ စိတ်မလုံခြုံမှုတွေနဲ့ နေနေကြရတာ” လို့ ပြောပါတယ်။
လက်ရှိမှာ ရန်ကုန်တိုင်းအတွင်းက လူငယ်တွေ နေ့စဉ်ရက်ဆက် ပေါ်တာဆွဲ ဖမ်းဆီးခံနေရကာ ရွှေပြည်သာမြို့နယ် တခုတည်းမှာပဲ လူငယ်အယောက် ၂၀ လောက် ပျောက်ဆုံးနေပြီး မိသားစုနဲ့ အဆက်အသွယ်ပြတ်နေတယ်လို့ မြို့ခံကင်းထောက်အဖွဲ့တွေရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဒါ့အပြင် အင်းစိန်၊ သာကေတ၊ မြောက်ဒဂုံ၊ သင်္ဃန်ကျွန်းနဲ့ တာမွေမြို့နယ်တွေမှာလည်း လူငယ်တွေ ပျောက်ဆုံးနေပြီး မိသားစုတွေနံ့ အဆက်အသွယ်ပြတ်တောက်နေတယ်လို့ လူမှုကွန်ရက်ကတဆင့် သတင်းမျှဝေထားပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်ကတော့ လူငယ်တွေအနေနဲ့ နိုင်ငံနဲ့ လူမျိုးအကျိုးကို နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်တွေနဲ့ သစ္စာရှိရှိ သယ်ပိုးကြဖို့နဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်တည်ဆောက်ရာမှာ ကျရာကဏ္ဍမှာ တာဝန်ကျေပွန်အောင် ပါဝင်ကြဖို့ ပြောပါတယ်။
Photo: MOI











