DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် အုပ်ချုပ်ရေးမှူးများက လူငယ်များကို ဖမ်းပြီး စစ်ထဲပို့နေ
DVB
·
May 14, 2026
Photo : DVB
Photo : DVB
Donate to DVB

ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်နဲ့ လှိုင်မြို့နယ်တို့မှာ စစ်မှုထမ်းအပတ်စဥ် ၂၅ အတွက် လူငယ်လူရွယ်တွေကို စစ်အာဏာရှင်လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ကိုယ်တိုင်က ဖမ်းဆီးပြီး စစ်ထဲထည့်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မေ ၈ ရက် ည ၆ နာရီက မြောက်ဒဂုံမြို့နယ်၊ ၅၀ ရပ်ကွက်၊ အနော်ရထာလမ်းမှာ နေထိုင်တဲ့ အသက် ၃၁ နှစ်အရွယ် ကိုကျော်ကျော်အောင်ကို ထမင်းစားနေချိန် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှစိန်နဲ့အဖွဲ့ က ရောက်လာပြီး လက်ထိတ်ခတ်ဖမ်းဆီကာ စစ်မှုထမ်းဖို့ လာခေါ်သွားတယ်လို့ ရပ်ကွက်နေသူ တယောက်က DVB ကို ပြောပါတယ်။

“ကျူးကျော်တဲမှာနေတဲ့သူ ထမင်းစားနေတဲ့အချိန် အုပ်ချုပ်ရေးမှူး ဦးလှစိန်နဲ့အဖွဲ့ စစ်မှုထမ်းဖို့ လူလိုတယ်ဆိုပြီး တက်ဖမ်းတာ။ အဲဒီလူမှာ ကလေး ၃ ယောက်၊ သူ့အမေကြီး လိုက်တောင်းပန်တာ တောင် မရဘူး။ အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ ရိုက်မယ် နှက်မယ် လုပ်တာ။ မြို့နယ်ရုံး လိုက်သွားတော့ ဦးလှစိန်နဲ့အဖွဲ့က စစ်မှုထမ်းဖို့ ကိုကျော်ကျော်အောင်ကို ရောင်းစားထားတယ်။ အဲဒါကြောင့် စစ်ထဲပို့လိုက်ပြီပြောတယ်။”

မြောက်ဒဂုံမြို့နယ်၊ ၅၀ ရပ်ကွက်၊ အနော်ရထာလမ်းက ကျူးကျော်တဲမှာ နေထိုင်သူတွေဟာ အုပ်ချုပ်ရေးမှူး ဦးလှစိန်နဲ့အဖွဲ့ကို တလ ကျပ် ၁ သိန်းခွဲနှုန်း ပေးနေရပေမဲ့ စစ်မှုထမ်း လူစားထိုးဖို့ အတွက် အခုလို ရောင်းစားတာလို့ ရှင်းပြပါတယ်။

မေ ၆ ရက် ည ၉ နာရီက လှိုင်မြို့နယ်၊ ၁၆ ရပ်ကွက်၊ ပါရမီလမ်းမှာ အသက် ၁၉ နှစ်အရွယ် ကောင်းပြည့်ဆိုတဲ့ လူငယ်တယောက်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ထွန်းနဲ့အဖွဲ့က ဖမ်းဆီးခဲ့ပြီး စစ်မှုထမ်းအပတ်စဥ် ၂၅ အတွက် ဘုရင့်နောင် အမှတ် ၁ တည်းခိုရေးနဲ့ စစ်ကြောရေးတပ်ကို ပို့ခဲ့တယ်လို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။

“အလုပ်ကပြန်လာတဲ့ ကောင်လေးကို ပါရမီလမ်းမှာ စစ်ဆေးပြီး စစ်ကြောရေးကို ပို့လိုက်တာ။ နောက်ရက် သူ့မိသားစုက လိုက်လာမှ ဘုရင့်နောင်နားက စစ်ကြောရေးတပ်ကို ပို့လိုက်တယ်ဆိုတာ သိတာ၊ ပြန်ထုတ်လို့မရဘူး။ အဖမ်းခံရတဲ့ ကောင်လေးက မကွေးက ရန်ကုန်မှာ အလုပ်လာ လုပ်တာ။ ၃ လပိုင်းတုန်းကလည်း ဦးတင်ထွန်းက ပါရမီလမ်းက ကောင်လေးတယောက်ကို ဧည့်စာရင်း ရက်ကျော်လို့ဆိုပြီး ဖမ်းပြီး စစ်မှုထမ်းထဲ ထည့်ဖူးတယ်။”

မတ် ၁၂ ရက်ကလည်း စစ်မှုထမ်းအပတ်စဥ် ၂၃ အတွက် ၁၆ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်ထွန်း က လှိုင်မြို့နယ်၊ ၁၆ ရပ်ကွက်၊ ပါရမီလမ်း အိမ်အမှတ် ၂၀ မှာ နေထိုင်တဲ့ အသက် ၂၁ နှစ် အရွယ် မောင်ဇော်လွင်ဖြိုးကို ဧည့်စာရင်း ၃ ရက်ကျော်လို့ဆိုပြီး ဖမ်းဆီးကာ စစ်ထဲပို့ဆောင်ခဲ့လို့ မိသားစုဝင် တွေက တိုင်ကြားထားတယ်လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။

စစ်မှုထမ်းကိစ္စမှာ လူစားထိုး၊ ငွေကြေးတောင်းခံတာ၊ အဓမ္မစစ်မှုထမ်းဆောင်ခိုင်းတာရှိရင် တိုင်ကြား နိုင်ပြီး မှန်ကန်ပါက အရေးယူ ဆောင်ရွက်သွားမယ်လို့ အာဏာရှင်စစ်တပ်က ပြောနေပေမဲ့ အောက်ခြေမှာ စစ်မှုထမ်းကိစ္စဟာ အုပ်ချုပ်ရေးမှူးတွေအတွက် ငွေရလမ်းတခုလို ဖြစ်နေတာပါ။

လူတိုင်း မဖြစ်မနေ စစ်မှုထမ်းရမဲ့ ဥပဒေကို အာဏာသိမ်းစစ်ခေါင်းဆောင်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က အသက်သွင်းခဲ့ပြီး မတ် ၂၈ ရက်မှာ စတင်သင်တန်းပေးခဲ့ရာ အခုဆို အပတ်စဥ် ၂၅ အထိ ရောက်လာပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013