စစ်ဘေးသင့် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေကို ချက်ချင်းအဆုံးသတ်ဖို့ တောင်းဆိုနေချိန်မှာ အရှေ့တောင်အာရှ ခေါင်းဆောင်တွေက မြန်မာနိုင်ငံနဲ့ ဆက်ပြီး ထိတွေ့ဆက်ဆံဖို့ လိုတယ်လို့ ထပ်အတည်ပြုခဲ့တဲ့အကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက နိုဝင်ဘာ ၁၅ ရက်မှာ ပြောပါတယ်။
မနီလာမြို့တော်မှာ ကျင်းပနေတဲ့ အာဆီယံရဲ့ နှစ်ပတ်လည် ထိပ်သီးအစည်းအဝေးကို သဘာပတိအဖြစ် ဆောင်ရွက်နေတဲ့ လက်ရှိအာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံရဲ့ သမ္မတ မားကို့စ်က ပြောကြားလိုက်တာပါ။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို တုံ့ပြန်ဖို့ အာဆီယံ မူဘောင်ဖြစ်တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ပါ ငြိမ်းချမ်းရေးအစီအစဉ်ကို ဆက်လက်လိုက်နာရင်း အာဆီယံဟာ မူအရ မြန်မာနဲ့ ထိတွေ့ဆက်ဆံမှုကို ရအောင်ကြိုးစားဖို့ သဘောတူခဲ့တယ်လို့ မားကို့စ်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ရှိနေပေမဲ့ ထိုင်းနဲ့ တခြားအဖွဲ့ဝင်နိုင်ငံ တချို့က စစ်အာဏာရှင်အစိုးရနဲ့ ပိုတိုးပြီး ထိတွေ့ဆက်ဆံတာတွေ လုပ်ဆောင်လာနေပါတယ်။
အဲဒီနောက် စစ်တပ် ကျောထောက်နောက်ခံပေးထားတဲ့ အာဏာသိမ်း ခေါင်းဆောင်တွေကို အာဆီယံ အဆင့်မြင့်အစည်းအဝေးတွေ တက်ရောက်ခွင့် ၅ နှစ်ပိတ်ပင်ထားတာကို လျှော့ချဖို့ ဖိအားပေးတာတွေလည်း ရှိလာနေပါတယ်။
မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ချမှတ်ထားတဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရာမှာ အဓိပ္ပာယ်ပြည့်ဝတဲ့ တိုးတက်မှုတွေ မရှိသေးသရွေ့ အာဆီယံ ထိပ်သီးအစည်းအဝေးတွေမှာ မြန်မာစစ်အာဏာရှင် အစိုးရခေါင်းဆောင်တွေကို တက်ရောက်ခွင့် မပြုဖို့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ဆက်လက် ဆုံးဖြတ်လိုက်ပါတယ်။
အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်မှုမှာ လုံလောက်တဲ့ တိုးတက်မှု မရှိသေးတာအပေါ် အလွန်အမင်း စိုးရိမ်ပူပန်တဲ့ အကြောင်းနဲ့ သဘောတူညီချက် ၅ ရပ်ကို အပြည့်အဝ အကောင်အထည်ဖော်ဖို့လည်း အာဆီယံက တိုက်တွန်းထားပါတယ်။
စစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ စစ်အာဏာရှင်အစိုးရကတော့ အာဆီယံနဲ့ ဆက်ဆံရေးကို ပုံမှန်ဖြစ်အောင် လုပ်ချင်နေပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ခံအစိုးရထံကနေ အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံဟာ မငြိမ်မသက် ဖြစ်နေခဲ့တာပါ။
ပြည်တွင်းစစ်အတွင်း လူတသိန်းလောက် သေဆုံးပြီး ၃ သန်းခွဲကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။
Source: Reuters











