DVB Logo
Home
Lead Story
မီဒီယာနဲ့ ခြေလှမ်းညီညီ
DVB
·
May 7, 2019
မီဒီယာနဲ့ ခြေလှမ်းညီညီ
Donate to DVB

အဂတိတိုက်ဖျက်ရေးအတွက် ဖော်ထုတ်သတင်းပေးလိုတဲ့ မီဒီယာသမားတွေကို ကာကွယ်ဖို့ ပူးပေါင်းဆောင်ရွက်မယ် ဆိုတဲ့အကြောင်း အသံချဲ့စက်က ကြားလိုက်ရတဲ့အခါ အံအားသင့်သွားမိပါတယ်။ အသံက အဂတိတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးဟန်ညွန့်ရဲ့ ရှင်းလင်းပြတ်သားတဲ့ အသံပါ။ အဂတိတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်ရဲ့ သဝဏ်လွှာကို ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားမှာ ဖတ်ကြားနေတာ ဖြစ်ပါတယ်။

ဒီအခမ်းအနားကို မေလ ၃ ရက်နေ့က မြို့တော်ခန်းမမှာ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီက ကြီးမှူးကျင်းပခဲ့တာပါ။

ဒီနှစ် သတင်းလွတ်လပ်ခွင့်နေ့ ဆောင်ပုဒ်က ဒီမိုကရေစီအတွက် သတင်းမီဒီယာ၊ လုပ်ကြံသတင်းတွေကြားက သတင်းအတတ်ပညာနှင့် ရွေးကောက်ပွဲများ ဖြစ်ပါတယ်။

သတင်းလွတ်လပ်ခွင့်နေ့ ဖြစ်ပေါ်လာပုံက ဒီလိုပါ။ ၁၉၉၁ ခုနှစ်က နမီးဘီးယားနိုင်ငံ ဝင်းဟုတ်မြို့မှာ အာဖရိကတိုက်သား စာနယ်ဇင်းသမားတွေက စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုင်ရာ အခြေခံသဘောတရားတွေကို ဝင်းဟုတ် ကြေညာချက်အဖြစ် ထုတ်ပြန်ခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်မှာတော့ ဒီထုတ်ပြန်ချက်ကို ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက အတည်ပြုခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက် အတည်ပြုခဲ့တဲ့ မေလ ၃ ရက်နေ့ကို ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့လို့ သတ်မှတ်ခဲ့ပြီး အဲဒီနေ့ရောက်တိုင်း ကမ္ဘာ့နိုင်ငံအသီးသီးမှာ သတင်းလွတ်လပ်ခွင့်ကို ကျင်းပခဲ့ကြတာပါ။

ဒီနှစ်တော့ အခမ်းအနားကို အီသီယိုးပီးယား ဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံရဲ့ မြို့တော် အက်ဒစ်အက်ဘာဘာမှာ ကျင်းပခဲ့ပါတယ်။

အခြေခံ စာနယ်ဇင်းသဘောတရားများကို အလေးအမြတ်ပြုကြ၊ ကမ္ဘာ့နိုင်ငံ အသီးသီးရှိ စာနယ်ဇင်းလွတ်လပ်ခွင့် အခြေခံများကို သုံးသပ် အကဲဖြတ်ကြ၊ သတင်းသမားတွေကို ကာကွယ်ဖို့ ဆွေးနွေးတိုင်ပင်ကြ။ သတင်းလုပ်ငန်းခွင်မှာ အလုပ်လုပ်ရင်း အသက်ပေးခဲ့တဲ့ သတင်းသမားတွေကို ဂုဏ်ပြုကြ၊ စတဲ့ လုပ်ဆောင်ချက်တွေကို အဲဒီအခမ်းအနားတွေမှာ လုပ်ဆောင်ကြပါတယ်။

မြန်မာပြည်မှာလည်း ၂၀၁၂ ခုနှစ်က စလို့ သတင်းလွတ်လပ်ခွင့်နေ့ကို နှစ်စဉ်ကျင်းပလာတာ အခုဆို ရှစ်ကြိမ်မြောက်ရှိပါပြီ။

ဒီနှစ်မှာ ထူးခြားတာက သတင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားကို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ကြီးမှူးကျင်းပတာ၊ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်တို့ရဲ့ သဝဏ်လွှာတွေကို ဖတ်ကြားခဲ့တာပဲ ဖြစ်ပါတယ်။

သူတို့ရဲ့သဝဏ်လွှာတွေကို နားထောင်ရင်း အာဏာရှင်လက်အောက်က ဒီမိုကရေစီစနစ်ဘက်ကို အားယူရုန်းကန်နေတာကို သိသိသာသာ သတိထားမိပါတယ်။

အထူးသတိပြုမိလိုက်တာကတော့ စနစ်ဟောင်း ယန္တရားကို အားကောင်းကောင်းနဲ့ မောင်းနှင်ခဲ့တဲ့ အဂတိလိုက်စားမှုကို စိန်ခေါ်ပြီး စုံစမ်းဖော်ထုတ် သတင်းရေးသားသူတွေကို ပူးပေါင်းဆောင်ရွက်မယ်၊ အကာအကွယ်ပေးမယ်ဆိုတဲ့ အဂတိတိုက်ဖျက်ရေး ကော်မရှင်ရဲ့ ကြည်လင်ပြတ်သားတဲ့ အသံပဲ ဖြစ်ပါတယ်။

ခေတ်သစ်တခုကို ထူထောင်ချိန်မှာ သတင်းမီဒီယာဟာ မဏ္ဍိုင်ကြီးသုံးရပ်ဖြစ်တဲ့ တရားရေး၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးတို့နဲ့အတူ ခြေလှမ်းညီညီလှမ်းဖို့ အရေးကြီးပါတယ်။

သားကြီးမောင်ဇေယျ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013