
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ယာကြီးရွာကို ဩဂုတ် ၁ ရက်မှာ စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် အမျိုးသား ၁ ယောက် သေဆုံးပြီး ၆ ယောက်ထက်မနည်း ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မွန်းလွဲ ၃ နာရီလောက်မှာ မုံရွာ-ယာကြီး-ကလေးလမ်းဘေးက ဈေးဆိုင်တန်းတွေရှိရာကို ဗုံးကြဲချသွားတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “အသက် ၅၀ အရွယ် ဦးပေါသီးဆိုတဲ့သူ ရင်ဘတ်နဲ့ မျက်နှာ ပွင့်ထွက်ပြီး သေဆုံးခဲ့တယ်ဗျ။ နောက်ပြီး ဓာတ်ဆီဆိုင်ပေါ်ကျပြီး မီးလောင်သွားသလို ကား ၂ စီးလည်း မီးလောင်သွားတယ်။ ယာကြီးရွာမက အမျိုးသမီးတဦးလည်း လက်ကျိုးတာတွေရှိခဲ့သလို အသေးစားဒဏ်ရာရသူတွေလည်း ၅ ဦးထက်မနည်း ရှိခဲ့တယ်” လို့ ပြောပါတယ်။
ယာကြီးရွာဟာ ကနီမြို့အနောက်ဘက် ၇ မိုင်ကျော် ကွာဝေးပြီး ရေယဉ်ရွာ၊ ရေဖြူရွာနဲ့ ရွာမဆိုတဲ့ ကျေးရွာ ၃ ရွာကို ယာကြီးရွာလို့ခေါ်ပြီး အခုဗုံးကြဲခံရတာက ယာကြီးရွာမ ဖြစ်ပါတယ်။
ကနီမြို့နယ် ပကဖ တာဝန်ရှိသူတယောက်က “လေယာဉ်နဲ့မကဘူး၊ ပါရာမော်တာနဲ့ပါ ဗုံးကြဲတာ။ လေယာဉ်နဲ့ကတခေါက်၊ ပါရာမော်တာနဲ့က ၂ ခေါက်ကြဲချတာ။ အဲလိုကြဲလို့ ဆယ်ရွာဘက်ကနေ ကားနဲ့ဆင်းလာတဲ့ ဧည့်သည်တဦး သေဆုံးတာပါ” လို့ ပြောပါတယ်။
ယာကြီးရွာကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲပြီးနောက် အခုတော့ ဆက်သွယ်ရေးဖုန်းလိုင်းတွေပါ ပြတ်တောက်နေတယ်လို့ သိရပါတယ်။










