
ဧရာဝတီတိုင်း သာပေါင်းမြို့နယ်နဲ့ ရေကြည်မြို့နယ်အစပ်မှာ စက်တင်ဘာလဆန်းပိုင်းကစလို့ စစ်တပ်နဲ့ အာရက္ခတပ်တော် (AA) ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
ခုချိန်ထိလည်း တိုက်ပွဲငယ်တွေ ဆက်ရှိနေပြီး စစ်တပ်ဘက်က ခဲယမ်းတွေ ဖြည့်တင်းနေသလို ညဘက်တွေမှာ လူနာတွေကို သယ်ထုတ်နေတဲ့အကြောင်း ဒေခံတွေက ပြောပါတယ်။
ရခိုင်နဲ့ ဧရာဝတီအစပ် သာပေါင်းမြို့နယ်နဲ့ ရေကြည်မြို့နယ်ကြားက ရိုးမဝန်းကျင်မှာ စက်တင်ဘာလဆန်းပိုင်းကစလို့ AA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
စစ်အာဏာရှင်တပ်က ထိုးစစ်ဆင်လို့ ဘောမိချောင်းဒေသ သဲဖြူနဲ့ သာပေါင်းလေးကျေးရွာ ဝန်းကျင်တွေမှာ ခုချိန်ထိ တိုက်ပွဲငယ်တွေ ဆက်ရှိနေပါတယ်။
စက်တင်ဘာ ၁၄ ရက် နေ့လယ်ပိုင်းမှာတင် သဲဖြူဘက်ကို အရပ်ဖက်သုံး ဆယ်ဘီးကားနဲ့ ခဲယမ်းတွေ ပို့ဆောင်ခဲ့ပြီး ညပိုင်းအပြန်မှာတော့ လူနာတွေ သယ်လာခဲ့တဲ့အကြောင်း ဧရာဝတီဒေသခံ စစ်ရေးရင်းမြစ်က စက်တင်ဘာ ၁၅ ရက်မှာ ပြောပါတယ်။
“သာပေါင်းလေးဝန်းကျင်၊ အဲဒီဘက်မှာ စစ်တပ်ဘက်က နည်းနည်းတိုးတယ်ကွ။ ၁၃၊ ၁၂ ရက်နေ့ လောက်တည်းကနေ ပြန်ဖြစ်နေတာ။ လက်ရှိ ဒီက အခင်းအကျင်း အနေအထား စောင့်ကြည့်တာ ကတော့ လူနာတွေ ပြန်သယ်လာလိုက်၊ ညဆို သယ်တယ်။ သူတို့ လူနာကား ဝင်တော့မယ်ဆို မီးဖြတ်ထားတယ်။ ပုသိမ်ကိုပို့မဲ့ကားက အဆင်သင့် ဂိတ်မှာ အဆင်သင့် စောင့်ထားတယ်။ စောင့်ထားပြီးတော့ သူတို့က တခါတည်း ကားချိန်းပြီးတော့ ပို့တယ်။ ညတုန်းကတော့ နည်းနည်းများပုံရတယ်။ ကားချိန်းနေတာ နည်းနည်းကြာတယ်။ အခုမနက်လည်း ဒဗယ်ကပ် ၃၀၈ ကနေ တစီးတက်သွားတယ်။”
တိုက်ပွဲတွေထဲ စစ်အာဏာရှင်တပ်ဘက်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူယူပြီး တိုက်ခိုက် နေလို့ စက်တင်ဘာလထဲ ရေကြည်ဘက်ကနေတောင် အသံတွေ ကြားခဲ့ရတယ်လို့ နောက်ထပ် ဒေသခံ အမျိုးသားတယောက်က ဆိုပါတယ်။
“၉ လပိုင်း ပထမပတ်ထဲမှာ တော်တော်လေး ကြားရတယ်။ အခု ကျနော်တို့ အသံမကြားရတာဆိုလို့ ၃ ရက်လောက်ပဲ ရှိဦးမယ်။ ၉ လပိုင်း ပထမပတ်ထဲလောက်ကနေ အခုချိန်ထိကို သူက ဘာလဲဆိုတော့ ညပိုင်းဆိုရင် လေယာဉ်ပျံတာ ပိုပြီးများတယ်၊ နောက် မနက်အစောကြီးပိုင်းပေါ့။ ညပိုင်းတို့ မနက်စောစောပိုင်းတို့ဆိုရင် အဲဒီကဆိုရင် အသံကဆက်နေတာ၊ အဲဒီ လက်နက်ကြီးသံ တွေပေါ့။ လေယာဉ်က နေ့တိုင်းတော့ မဟုတ်ဘူး။ ၂ ရက်ခြား တခါလောက် သွားတယ်။ တခါပျံလို့ရှိရင် သူတို့က တစီးကို တကြိမ်တည်းပျံတာ မဟုတ်ဘူး။ အဲဒီ ပျံပြီးရင် နောက်ထပ် တကြိမ် တကြိမ်ပေါ့ ကြိမ်ဖန်များစွာ အဲလို ပျံလေ့ရှိတယ်။”
ဒါ့အတူ အမတ ၃၄၄ ဝန်းကျင်မှာလည်း စစ်ရေးတင်းမာနေသလို အဲ့ထဲက တပ်အင်အားတွေကို သာပေါင်းနဲ့ ရေကြည်အစပ်ကြားက နေရာတွေဆီ ပြောင်းရွှေ့ အင်အားဖြည့်ထားတယ်လို့လည်း သူကပြောပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန် အသိပေးတာမျိုး မရှိသေးပါဘူး။
ဒါပေမဲ့ စက်တင်ဘာ ၄ ရက်ကနေ ၁၃ ရက်အထိ ပုဏ္ဏားကျွန်း၊ ဂွ၊ တောင်ကုတ်နဲ့ ဆမီးမြို့နယ်တွေထဲကို စစ်တပ်က ဗုံးကြဲတာကြောင့် အနည်းဆုံး ပြည်သူ ၅ ယောက်သေဆုံးကာ ၆ ယောက် ဒဏ်ရာရခဲ့တဲ့အကြောင်း စက်တင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
စိုးသူအောင်











