DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် လူ ၄ သောင်းခန့် သောက်သုံးရေ ပြတ်လပ်
DVB
·
May 4, 2019
ဧရာဝတီတိုင်းတွင် လူ ၄ သောင်းခန့် သောက်သုံးရေ ပြတ်လပ်
Donate to DVB

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၇ ခုက လူဦးရေ ၄ သောင်းနီးပါး သောက်သုံးရေပြတ်လပ်နေတာကြောင့် နေ့စဉ်ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်နေရတယ်လို့ တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့တိုးတက်ရေးဦးစီးဌာနက ပြောပါတယ်။

ပုသိမ်၊ ရေကြည်၊ ဖျာပုံ၊ ဘိုကလေး၊ ဒေးဒရဲ၊ လပွတ္တာနဲ့ မော်လမြိုင်ကျွန်းမြို့နယ်တွေက အိမ်ထောင်စုပေါင်း ၇၂၉၆ စု က ဒေသခံတွေ သောက်သုံးရေပြတ်လပ်နေတာလို့ တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့တိုးတက်ရေးဦးစီးဌာနက ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။

“သောက်ရေတွေကို မြို့ကနေ ကားတွေ၊ စက်လှေတွေနဲ့ ရွာအရောက် ပို့ဆောင်ပေးတဲ့ နည်းလမ်း၊ ရေရှားတဲ့ ရွာတွေရဲ့အနီး ပတ်ဝန်းကျင်မှာ ရေခပ်လို့ရတယ်ဆိုရင် ဒေသခံတွေ ရေသယ်ယူနိုင်ဖို့အတွက် စက်သုံးဆီ ထောက်ပံ့ပေးတဲ့ နည်းလမ်းနဲ့ ဌာနမှာရှိတဲ့ ရေသန့်စင်တဲ့ကားနဲ့ ရွာတွေကိုဆင်းပြီး သောက်သုံးရန် မသင့်တဲ့ရေကို ကားနဲ့ ရေသန့်စင်ပြီး ထောက်ပံ့တဲ့ နည်းလမ်းတွေနဲ့ သောက်ရေတွေ ကူညီပေးနေပါတယ်” လို့ ဧရာဝတီတိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနေထက်ရှိန်က ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ အပူချိန် စံချိန်တင်မြင့်မားနေတာကြောင့် သောက်သုံးရေသိုလှောင်ကန်တွေ ခန်းခြောက်ကုန်ပြီး အခုနှစ် နွေရာသီကာလမှာ ရေရှားပါးတဲ့ ကျေးရွာအရေအတွက် ၂ ဆလောက် ပိုမိုများပြားလာတယ်လို့ သောက်သုံးရေကူညီလှူဒါန်း ပေးနေတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။

“ဒီနှစ်က ခါတိုင်းနဲ့မတူဘူး။ ရာသီဥတုက ပိုပူလာတော့ ရေတွင်း၊ ရေကန်တွေခန်းတာ အချိန်စောတယ်။ ရေမရှားဘူးတဲ့ ရွာတွေပါ သောက်သုံးရေပြတ်လတ်ကုန်တာမျိုး ရှိတယ်။ မနှစ်ကဆို ဦးဇင်းတို့ ရေလှူရတာ ရွာ ၁၀၀ လောက်ရှိတာ၊ ဒီနှစ်ဆို ရွာအရေအတွက်က ၂၀၀ လောက်အထိ တိုးလာတယ်။ ရေလှူတဲ့ ဘောက်ဆာကားကြီးတွေဆို တရက်မှ မနားရဘူး။ နေ့တိုင်းထွက်ပြီး လှူပေးနေရတယ်” လို့ ပုသိမ်မြို့၊ မနောဖြူဘက်စုံလူမှုကူညီရေးအသင်းမှ ဦးဆောင်ဆရာတော် ဦးစန္ဒာသီရိက မိန့်ကြားပါတယ်။

ဧရာဝတီတိုင်းဒေသကြီးက မြို့နယ်အများစုရှိ ကျေးရွာတွေမှာ မြေသားရေကန်ကြီးတွေနဲ့ မိုးတွင်းကာလမှာ ရရှိတဲ့ မိုးရေကို စုဆောင်းထားလေ့ရှိပြီး အခုနှစ်မှာတော့ ရာသီဥတု ပိုမိုပူပြင်းလာတာကြောင့် မိုးရေခံတဲ့ရေကန်တွေ စောလျင်စွာ ခန်းခြောက်ခဲ့ပြီး စိမ့်စမ်းတွေကလည်း ရေမထွက်တော့တာကြောင့် သောက်ရေပြတ်လပ်တဲ့ဒုက္ခကို ဒေသခံတွေ ကြုံတွေ့နေရတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013