DVB Logo
Home
မြန်မာသတင်း
ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် ရေကြီးမြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ဟု မိုးဇလ သတိပေး
DVB
·
May 4, 2019
ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် ရေကြီးမြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ဟု မိုးဇလ သတိပေး
Donate to DVB

အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း ဖန်နီရဲ့ အရှိန်ကြောင့် လေပြင်းတိုက်ခတ်တာ၊ မိုးကြီးတာ၊ ရုတ်တရက်ရေကြီးတာတွေနဲ့ မြေပြိုတာတွေ ဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်သတိပြုကြဖို့ မိုးဇလက သတိပေးထားပါတယ်။

ဒီနေ့မနက် ၇ နာရီခွဲ တိုင်းထွာချက်တွေအရ အိန္ဒိယနိုင်ငံ၊ ဩရိဿ ကမ်းရိုးတန်းပေါ် တည်ရှိနေတဲ့ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း ဖန်နီ FANI ဟာ မြောက်-အရှေ့မြောက်ဘက်ကနေ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကို ရောက်ရှိခဲ့ပြီး ဘလာဆောမြို့ရဲ့ မြောက်-အရှေ့မြောက်ဘက် မိုင် ၈၀ လောက်၊ ကိုးလ်ကတ္တားမြို့ရဲ့ အနောက်ဘက် ၂၅ မိုင်လောက်အကွာမှာ ဆက်လက်တည်ရှိနေပါတယ်။

အဲဒီ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း ဖန်နီဟာ မြောက်-အရှေ့မြောက်ဘက်ကို ဆက်လက်ရွေ့လျားနေပြီး နောက် ၆ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း ဖန်နီအဖြစ် အားလျော့သွားကာ နောက် ၁၂ နာရီအတွင်း မြောက်-အရှေ့မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း ဖန်နီရဲ့အရှိန်ကြောင့် ဧပြီ ၄ ရက်ကနေ ၅ ရက်နေ့အတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင် ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်း၊ ရခိုင်နဲ့ ကယားပြည်နယ်တို့မှာ နေရာကွက်ကျားကနေ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး တချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။

မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်း တွေကျရောက်ပြီး လှိုင်းကြီးမယ်၊ ရေပြင်/မြေပြင်လေဟာ တနာရီ မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၁၀ ပေမှ ၁၃ ပေလောက် ရှိနိုင်ပါတယ်။

အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ" (FANI) ရဲ့ အရှိန်ကြောင့် လေပြင်း တိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနဲ့ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်ကြသူတွေ ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုကြဖို့ သတိပေးထားပါတယ်။

ဒါ့အပြင် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေကိုလည်း ကြိုတင်သတိပြုကြဖို့ မိုးဇလက အကြံပြုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013