
မန္တလေးတိုင်းအတွင်းက မြို့ ၂ မြို့ကို ဗဟိုပြုပြီး ဇူလိုင် ၁၇ ရက် မနက်ပိုင်းမှာ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင် ၂ ကြိမ်ဆက် လှုပ်ခတ်ခဲ့တယ်လို့ မိုး/ဇလဌာနက ထုတ်ပြန်ပါတယ်။
ဒီမနက် ၇ နာရီ ဝန်းကျင်မှာ သပိတ်ကျင်းမြို့အနီး ၄ မိုင်အကွာ၊ မြေအောက်အနက် ၆ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ၅ ဒသမ ၃ အဆင့်ရှိတဲ့ ငလျင်စလှုပ်ခဲ့တာဖြစ်ပြီး ငလျင်ကို မန္တလေးမြို့က ပြည်သူတွေလည်း သိသိသာသာ ခံစားရပါတယ်။
မန္တလေးမြို့ခံတယောက်က "စလှုပ်တော့ အိမ်က တံခါးရွက်တွေက အုံးဒိုင်းဆို ဖြစ်ကုန်ပြီး အိမ်ပါ တုန်သွားတာ။ ကျနော်တို့ မဟာအောင်မြေမှာတော့ သိသိသာသာ ခံစားမိတယ်" လို့ DVB ကို ပြောပါတယ်။
အဲဒီငလျင်လှုပ်ခတ်ပြီးလို့ ၁ နာရီကျော်အကြာ မနက် ၈ နာရီ ၁၂ မိနစ်ဝန်းကျင်မှာ စဉ့်ကူးမြို့အနီး ၁၅ မိုင်အကွာ၊ မြေအောက်အနက် ၁၄ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ၄ ဒသမ ၀ အဆင့်ရှိတဲ့ ငလျင်တခု ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ မိုး/ဇလက ထုတ်ပြန်ပါတယ်။
၂၀၂၅ ခုနှစ် မတ်လက လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြီးရဲ့ နောက်ဆက်တွဲ ငလျင်တွေဟာ တနှစ်ကျော်ကြာတဲ့အချိန်ထိ လှုပ်ခတ်နေဆဲဖြစ်ရာ အင်အားပြင်း ငလျင်ကြီးတွေ ထပ်မံ လှုပ်ခတ်လာမှာကို ငလျင်ဘေးသင့်ဒေသနေ ပြည်သူတွေ စိုးရိမ်နေကြရဆဲ ဖြစ်ပါတယ်။
မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းဟာ စစ်ကိုင်းပြတ်ရွေ့ကြောပေါ်မှာ တည်ရှိနေတာကြောင့် ငလျင်အန္တရာယ် ကျရောက်နိုင်ခြေ အမြင့်ဆုံးမှာရှိနေတဲ့ ဒေသတွေလည်း ဖြစ်ပါတယ်။










