
၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံဆန္ဒပြပွဲကို စစ်ကိုင်းတိုင်း တမူးမြို့နယ်မှာ ဒီနေ့မနက်ပိုင်းက ကျင်းပခဲ့ပြီး လူ ၃၀၀၀ လောက် ပါဝင်ခဲ့ကြပါတယ်။
တမူးခရိုင် တမူးမြို့မှာ ဒီနေ့မနက် ၉ နာရီက ဗိုလ်ချုပ်ပန်းခြံကနေ တမူးမြို့အတွင်း လူအင်အား ၃၀၀၀ နဲ့ မြို့တွင်းလှည့်လည်ပြီး ဆန္ဒပြခဲ့ကြတာပါ။
''ပြည်သူ့ဆန္ဒမပါဘဲ ရေးဆွဲထားတဲ့ ၂၀၀၈ အခြေခံဥပဒေကို ပြည်သူ့ဆန္ဒနဲ့ ထပ်တူကျအောင် ပြင်ဆင်စေချင်ပါတယ်။ ဒါမှလည်း ဒီမိုကရေစီရဲ့ အနှစ်သာရကို ပြည်သူတွေ အပြည့်အဝ ခံစားနိုင်မယ်” လို့ ဦးဆောင်သူတဦးဖြစ်တဲ့ ဒေါ်ချိုချိုအောင်က ပြောပါတယ်။
ဗိုလ်ချုပ်ပန်းခြံထဲမှာလည်း စာရေးဆရာ ထင်လင်းဦးနဲ့ တောင်လုံးပြန်တို့က အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဟောပြောခဲ့ကြပါတယ်။
ဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်သူတဦးက ပြည်သူကို ဘောင်ခတ်ထားတဲ့ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်စေချင်တာကြောင့် ဒီဆန္ဒပြပွဲမှာ ပါဝင်ခဲ့တာလို့ ပြောပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံဆန္ဒပြပွဲတွေကို နိုင်ငံတဝန်း မြို့အတော်များများမှာ ကျင်းပနေကြပါတယ်။
သတင်း၊ ဓာတ်ပုံ - ဂေါင်ဂေါင်










