DVB Logo
Home
Lead Story
သတင်းလွတ်လပ်ခွင့် ပြဒါးတိုင်
DVB
·
May 3, 2019
သတင်းလွတ်လပ်ခွင့် ပြဒါးတိုင်
Donate to DVB

ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) ရဲ့ ၂၀၁၉၊ ဧပြီ ၁၈ ထုတ် ကြေညာချက်မှာ မြန်မာနိုင်ငံ သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၃၈ ရှိနေတယ်လို့ ဆိုပါတယ်။ ၂၀၁၈ ခုနှစ်တုန်းကတော့ အဆင့် ၁၃၇ ရှိခဲ့တယ်ဆိုတော့ ဒီနှစ်မှာ မနှစ်ကထက် အဆင့်တဆင့် လျော့ကျသွားတယ်လို့ ဆိုနိုင်ပါတယ်။

သတင်းလွတ်လပ်ခွင့်ဆိုတာ ဘာလဲ။ သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းကို ဘယ်လို သတ်မှတ်ကြသလဲ။ နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) ဆိုတာ ဘယ်သူတွေက ဘာရည်ရွယ်ချက်တွေနဲ့ ဘယ်လိုဖွဲ့စည်းထားပါသလဲ။

မီဒီယာလွတ်လပ်ခွင့်ဆိုတာ လူ့အခွင့်အရေးရဲ့ အုတ်မြစ်တခုဖြစ်သလို အခြေခံ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၉ ရဲ့ နှလုံးသားလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ သတင်းသိပိုင်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်တွေနဲ့လည်း ဆက်စပ်နေတာ တွေ့ရပါတယ်။

သတင်းမီဒီယာ လွတ်လပ်ခွင့်ဟာ နိုင်ငံတော် လျှို့ဝှက်ချက်ဥပဒေတွေ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ဥပဒေတွေ၊ ဂုဏ်သိက္ခာညှိုးနွမ်းစေမှု ဥပဒေတွေနဲ့ တခါတရံ ပွတ်တိုက်မှုတွေ ဖြစ်လေ့ရှိသလို တခါတရံ ထိပ်တိုက်တွေ့မှုတွေလည်း ရှိတတ်ပါတယ်။

နောက်ထပ်မေးခွန်းတခု ထပ်ပေါ်လာတာက နိုင်ငံတနိုင်ငံရဲ့ မီဒီယာလွတ်လပ်မှုကို ဘယ်လိုတိုင်းမလဲ။ ဘာတွေကြည့်ပြီး ဆုံးဖြတ်မလဲဆိုတဲ့ မေးခွန်းပါ။

ပြင်သစ်က နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) ကတော့ မီဒီယာသမားတွေ ဘယ်နှစ်ယောက် အသတ်ခံရသလဲ။ ဘယ်နှစ်ယောက် ထောင်ချခံရသလဲဆိုတဲ့ ပြဒါးတိုင်နဲ့ တိုင်းတာပါတယ်။

နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) ဆိုတာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (NGO) ဖြစ်သလို အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်း (non-profit) လည်း ဖြစ်ပါတယ်။ လွတ်လပ်စွာ သတင်းစီးဆင်းခွင့် (freedom of information) နဲ့ သတင်းလွတ်လပ်ခွင့် (freedom of the press) တွေကို စောင့်ကြည့်တဲ့ သတင်းထောက် အဖွဲ့အစည်းတခု ဖြစ်ပါတယ်။ အဲဒီအဖွဲ့အစည်းဟာ သတင်းသမားတွေနဲ့ သတင်းလောက ဖွံ့ဖြိုးရေးအတွက် စာအုပ်တွေထုတ်ဝေ၊ ဆုတွေပေး၊ အစီရင်ခံစာတွေထုတ်ပြန်၊ ရန်ပုံငွေထူထောင်၊ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ပေးလေ့ရှိပါတယ်။ မြန်မာနိုင်ငံက မြန်မာမီဒီယာအသင်း Burma Media Association (BMA) နဲ့လည်း ချိတ်ဆက်ထားပါတယ်။

မီဒီယာလွတ်လပ်မှုကို အခြားအချက်အလက်တွေနဲ့လည်း ချိတ်ဆက် စဉ်းစားကြပါသေးတယ်။ အဲဒါတွေကတော့

၁။ မီဒီယာနဲ့ လက်နက်ကိုင်များ ဆက်ဆံမှု၊

၂။ မီဒီယာနဲ့ ငြိမ်းချမ်းရေး၊

၃။ သတင်းအချက်အလက် စီးဆင်းမှု၊

၎။ ၂၁ ရာစု နည်းပညာတိုးတက်မှု၊

၅။ ပြောင်းလဲတိုးတက်လာတဲ့ လူမှုရေး၊

၆။ ပိုမိုကောင်းမွန်တဲ့ အနာဂတ် တည်ထောင်ရေးနဲ့ မီဒီယာ၊

၇။ မီဒီယာနဲ့ ဂျန်ဒါ၊

၈။ သတင်းသမားနဲ့ သတင်းရင်းမြစ်လုံခြုံရေး၊

၉။ မီဒီယာနဲ့ တရားဥပဒေ၊

၁၀။ မီဒီယာနဲ့ အစိုးရဆက်ဆံရေး စတာတွေဖြစ်ပါတယ်။

သတင်းသမားတွေ ဘယ်နှစ်ယောက် ထောင်ချ အပြစ်ပေးခံရ၊ အသတ်ခံတယ်ဆိုတာနဲ့  နိုင်ငံတနိုင်ငံရဲ့ မီဒီယာလွတ်လပ်မှုကို တိုင်းတာသလို နိုင်ငံတနိုင်ငံရဲ့ အစိုးကောင်း ဟုတ်မဟုတ်ဆိုတာကို တိုင်းတာတဲ့အခါမှာလည်း မီဒီယာလွတ်လပ်မှုအဆင့် ဘယ်လောက်ရှိလဲဆိုတဲ့ အချက်ကို ထည့်စဉ်းစားလေ့ ရှိပါတယ်။

ကမ္ဘာပေါ်မှာ မီဒီယာလွတ်လပ်ခွင့် အရှိဆုံးနိုင်ငံတွေက နော်ဝေ၊ ဖင်လန်၊ ဆွီဒင်၊ နယ်သာလန်နဲ့ ဒိန်းမတ်နိုင်ငံတွေဖြစ်ပြီး သတင်းလွတ်လပ်ခွင့် အနည်းဆုံး နိုင်ငံတွေကတော့ တာ့ခ်မင်နစ္စတန်၊ မြောက်ကိုရီးယား၊ အီရစ်ထရီးယား၊ တရုတ်နဲ့ ဗီယက်နမ်နိုင်ငံတွေ ဖြစ်ပါတယ်။

သားကြီးမောင်ဇေယျ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013