
အာဏာသိမ်းစစ်အုပ်စု ပြုလုပ်တဲ့ တရားမဝင်ရွေးကောက်ပွဲကိုရော ရွေးကောက်ပွဲအသွင်ယူ အစိုးရတုကိုပါ အာဆီယံအသင်းကြီးက တရားဝင် အသိအမှတ်ပြုမှု မရှိပေမဲ့ သမ္မတတု မင်းအောင်လှိုင်နဲ့ တွေ့ဆုံဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ဆက်တိုက်ဆိုသလို ရောက်ရှိလာကြတာ အာဆီယံယဉ်ကျေးမှုလို့ပဲ ဆိုရပါမယ်။
ပြီးခဲ့တဲ့ မေလက ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ စစ်အုပ်စု ရွေးကောက်ပွဲကို အသိအမှတ်ပြုဖို့ အာဆီယံနိုင်ငံတွေကြား ဘုံသဘောတူညီချက်မရခဲ့သလို မင်းအောင်လှိုင် အငမ်းမရဖြစ်နေတဲ့ အာဆီယံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးပွဲသို့ တက်ရောက်ခွင့် မရခဲ့ပေမဲ့ ထိပ်သီးအစည်းအဝေးမတိုင်မီ ဧပြီ ၂၁ ရက်ကတည်းက ထိုင်းနိုင်ငံခြားရေးဝန်ကြီး စတင်ဖောက်လုပ်ခဲ့တဲ့ နေပြည်တော်ဆီသို့ လမ်းဆီ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ လာအိုနိုင်ငံခြားရေးဝန်ကြီးတွေ ဆက်တိုက်ဆိုသလို လှမ်းလာခဲ့ခြင်းက အာဆီယံ မူမှန်သေးရဲ့လားလို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတော့တယ်။
မေလ ၁၉ ရက်မှာ နေပြည်တော် ရောက်ရှိလာတဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးကလွဲလို့ ကျန် နေပြည်တော်ရောက်လာတဲ့ နိုင်ငံခြားရေးဝန်ကြီးတွေကို မင်းအောင်လှိုင်က သမ္မတအဆောင်အယောင်ကြီးတခုဖြစ်တဲ့ သီဟာသနပလ္လင်ရှေ့ မြိန့်မြိန့်ကြီး အရသာခံ တွေ့ဆုံခဲ့တာကို နိုင်ငံရေးအရ တရားဝင်မှုရရှိခြင်းလို့ မခေါ်ဆိုနိုင်ရင်တောင် မင်းအောင်လှိုင် အာဏာကို အသိအမှတ်ပြုခြင်းလောက်တော့ ကောက်ယူရပါမယ်။
အဲဒီအတွက် သမ္မတတုဖြစ်ပြီးနောက် မင်းအောင်လှိုင် လုပ်ဆောင်ခဲ့တာဆိုလို့ နှစ်ဆန်း ၁ ရက် (ဧပြီ ၁၇ ရက်)မှာ သမ္မတကြီးဦးဝင်းမြင့်ကို ထောင်ထဲကနေ အိမ်ပြန်ပို့တာ တခုတည်း။ ဦးဝင်းမြင့် အိမ်ပြန်ရောက်ပြီး ရက်ပိုင်းအတွင်းမှာပဲ အိမ်နားမှာ လုံခြုံရေးဂိတ်ချပြီး ဧည့်အဝင်အထွက်ကို ကန့်သတ်လိုက်တာကြောင့် ထောင်ကနေ လွတ်လာတယ်ဆိုတဲ့ သမ္မတဦးဝင်းမြင့်ရဲ့ ပြောရေး ဆိုခွင့်ဟာ ၂ ရက်၊ ၃ ရက်ထက်ပိုမကြာ။ ပြောရရင် ထောင်ကနေလွှတ်ပြီး နေအိမ်အကျယ်ချုပ် ပြန်ချခြင်းလို့ အဓိပ္ပာယ်အတိအကျ ဖွင့်ဆိုရပါမယ်။
ကျန်တာတွေကတော့ အားလုံးမျက်မြင် ဘာမှမပြောင်းလဲ အရင်အတိုင်း။ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်က လျှို့ဝှက်တနေရာကနေ နောက်ထပ် လျှို့ဝှက်တနေရာဆီ ပြောင်းရွှေ့ခြင်းဖြစ်တာကြောင့် ဘာမှမပြောင်း။ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးဖို့၊ မိသားစု သို့မဟုတ် ရှေ့နေတွေနဲ့ တွေ့ခွင့်ပြုဖို့၊ အနိမ့်ဆုံးအဆင့် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း ခိုင်လုံတဲ့သက်သေပြဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကရော ပြည်တွင်း၊ ပြည်ပက မြန်မာပြည်သူတွေပါ တောက်လျှောက်ဆိုသလို တောင်းဆိုနေပေမဲ့ မင်းအောင်လှိုင် အဖက်မလုပ်။
ဧပြီ ၂၀ မှာ စတင်ခဲ့တဲ့ ရက် ၁၀၀ စီမံချက်ဆိုတာ စစ်ကြောင်းထိုး နယ်မြေသိမ်း ပြည်သူသတ်၊ အရင့် အရင်ကာလတွေကထက် ပိုပွဲကြမ်းလာသလို ပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကလည်း ရက်ရက်စက်စက်။
ဇွန် ၁၂ ရက်ညပိုင်းကပဲ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ NLD ရုံးချုပ် အဆောက်အအုံရဲ့ထိပ်မှာ တပ်ဆင်ထားတဲ့ NLD အလံတော်ပုံနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စာသားကိုတောင် ဖြုတ်ချပစ် လိုက်ခြင်းက ကျူပင်ခုတ် ကျူငုတ်ပါမကျန်၊ အာဆီယံအသင်းကြီးက တဖွဖွပြောနေတဲ့ မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကိုပါ မြေလှန်ပြလိုက်ပြန်တဲ့သဘော။
ဒါက သိပ်တော့လည်း ထူးဆန်းတာတော့ မဟုတ်ဘူး။ ၂၀၂၁ ခုနှစ်၊ ဧပြီ ၂၄ ရက်မှာ မင်းအောင်လှိုင် ကိုယ်တိုင် သဘောတူခဲ့တဲ့ မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို နောက်တရက် ဧပြီ ၂၅ ကစလို့ ဒီနေ့ထိတိုင် မင်းအောင်လှိုင် ကိုယ်တိုင် နေ့စဉ်စုတ်ဖြဲ ချေမွနေရုံတင်မက ပညာသင်ကြားနေတဲ့ ကလေးငယ်တွေပါမချန် ပြည်သူကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမျိုးစုံ ကျူးလွန်နေတာ အာဆီယံလည်း သိ၊ နိုင်ငံတကာလည်း တိတိပပ သိရှိပြီးသား။
အာဏာသိမ်းစစ်အုပ်စုက အာဆီယံမူ ၅ ရပ်ကို တခုတလေမျှတောင် မဖော်ဆောင်ခဲ့တာကြောင့် အာဆီယံက မင်းအောင်လှိုင်ကို အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ခွင့် ပိတ်ပင်တဲ့ ပြစ်ဒဏ် ချမှတ်ခဲ့ပြီး ဒီနေ့ထိတိုင် ပိတ်ပင်ခံထားရဆဲဖြစ်ပေမဲ့ မင်းအောင်လှိုင်က မမှု။ နေပြည်တော်ကနေ ဓားတရမ်းရမ်းနဲ့ စိန်ခေါ်။ အာဆီယံရဲ့ ပြစ်ဒဏ်က အလုပ်မဖြစ်တဲ့သဘော။
ထပ်ပြောရရင် အာဆီယံရဲ့ ပြစ်ဒဏ်က မလုံလောက်တဲ့သဘော။ မူ ၅ ရပ်ကို မဖော်ဆောင်ရင် ထပ်မံအရေးယူမယ်ဆိုတဲ့ လက်တွေ့ကျတဲ့ နောက်ဆက်တွဲပြစ်ဒဏ်တွေ ချမှတ်ဖို့ လိုအပ်နေမှန်း အာဆီယံခေါင်းဆောင်တွေ အသေအချာ သိရှိကြပေမဲ့၊ အာဆီယံနိုင်ငံတွေကြား မတူညီတဲ့ အမြင်တွေအရ နောက်တလှမ်း ဆက်လှမ်းနိုင်စွမ်းမရှိကြောင်းလည်း အာဆီယံခေါင်းဆောင်တွေ ကောင်းကောင်း သိကြတယ်။
ဒါ့ကြောင့် စစ်ဝတ်စုံချွတ်ပြီး ခေါင်းပေါင်းစွပ်လိုက်တဲ့ မင်းအောင်လှိုင်ရဲ့ အပေါ်ယံအရေခွံ ပြောင်းလဲလာမှုကို အခွင့်အလမ်းတခုလို့ ရှုမြင်ကြည့်လိုက်ကြတယ်။ ပြောရရင် အာဆီယံမှာ ရှေ့ဆက်လှမ်းစရာ မရှိတော့တဲ့အတွက် စစ်အုပ်စု အရေခွံပြောင်းလဲမှုအပေါ် အကြောင်းရှာကာ ဘက်ဂီယာထိုး နောက်ပြန်ဆုတ်ခြင်းလို့ မှတ်ယူနိုင်တယ်။
စစ်အုပ်စုကို ဖယ်ကြဉ်ထားခြင်းဟာ အလုပ်မဖြစ်တာကြောင့် ထိတွေ့ဆက်ဆံခြင်းနည်းနဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်ရေးအတွက် လုံ့လစိုက်ရမယ်ပေါ့။ အာဆီယံနိုင်ငံထဲက အာဏာသိမ်းစစ်အုပ်စုကို လိုလားတဲ့ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေကတော့ ထိတွေ့ ဆက်ဆံခြင်းမှသည် တရားဝင်မှု ပြန်ပေးခြင်းဆီသို့ပါ ရောက်အောင် အာဆီယံစားပွဲဝိုင်းမှာ အစဉ်တစိုက် ကြိုးစားခဲ့ကြတယ်။
အတုအယောင်ရွေးကောက်ပွဲမတိုင်ခင်က ထိတွေ့ဆက်ဆံခြင်းလိုင်းဟာ အာဆီယံစားပွဲဝိုင်းမှာ အရေးနိမ့်ခဲ့ပေမဲ့ အခု အစိုးရတုတက်လာပြီးနောက် အင်ဒိုနီးရှားနဲ့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးတွေတောင် နေပြည်တော်သို့ ရောက်ရှိလာခဲ့ခြင်းက ထိတွေ့ဆက်ဆံခြင်းလိုင်း အာဆီယံ စားပွဲဝိုင်းမှာ အသာစီးရလာပြီလို့ ဖွင့်ဆိုရပါမယ်။
အင်ဒိုနီးရှား ဆိုတာ ဒေသတွင်း ဒီမိုကရေစီနိုင်ငံကြီး တနိုင်ငံဖြစ်ရုံတင်မက စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ပြတ်ပြတ်သားသား ကျယ်ကျယ်လောင်လောင် ကန့်ကွက်ရှုတ်ချခဲ့တဲ့ နိုင်ငံ။
မလေးရှား ဆိုရင်လည်း စစ်အုပ်စုအပေါ် မာထန်ခဲ့ပေမဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မေ ၁၉ ရက် နေ့ချင်းပြန် နေပြည်တော်ခရီးစဉ်က အပြန်မှာ မြန်မာစစ်အာဏာရှင်တွေဘက်က အပြုသဘောဆောင်တဲ့ လက္ခဏာတွေ ရှိလာပြီလို့ ရဲရဲတင်းတင်း ကောက်ချက်ချတာ တွေ့ရတယ်။
အခုဆိုရင် စစ်အုပ်စုဘက်က ဘုံသဘောတူညီချက် ၅ ရပ်ကို ဖော်ဆောင်ခြင်းမရှိဘဲ အလျင်စလို မဆက်ဆံဖို့ ရပ်ခံနေတာဆိုလို့ စင်ကာပူနဲ့ တီမောတို့သာ ကျန်တော့တဲ့ပုံ။ အာဆီယံအနေနဲ့ မင်းအောင်လှိုင်ကို အာဆီယံစားပွဲဝိုင်းမှာ ချက်ချင်းလက်ငင်း နေရာပြန်ပေးတဲ့အထိ မမိုက်မဲသေးပေမဲ့ ထိတွေ့ဆက်ဆံခြင်းကနေ တရားဝင်မှုပေးဖို့ ရေလာမြောင်းပေးလုပ်နေတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ အန္တရာယ် ပိုကြီးလာတာက သေချာတယ်။
အိမ်နီးချင်း အင်အားကြီး အိန္ဒိယနဲ့ တရုတ်ဆီကနေ တရားဝင်အသိအမှတ်ပြုမှုရထားပြီဖြစ်တဲ့ မင်းအောင်လှိုင်ဟာ အာဆီယံမူ ၅ ရပ်ကို ဘာဆိုဘာမှ မဖော်ဆောင်ဘဲ နေပြည်တော်မှာ မြိန့်မြိန့်ကြီးထိုင်ကာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကို လက်ခံတွေ့ဆုံနေနိုင်ခြင်းဟာ စစ်အုပ်စုရဲ့ သံတမန်ရေး ရှေ့တလှမ်းတိုးလာခြင်းလို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ အမှန်အတိုင်း ရှုမြင်ရဲကြဖို့ လိုပါမယ်။
ဒါကို ခံတိုက်နိုင်စရာ တခုတည်းသော နည်းလမ်းက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) က တော်လှန်ရေးတစုံလုံးကို ဘယ်လောက်ထိ ဦးဆောင်ဦးရွက်ပြုနိုင်မလဲ။
SCEF မှာ နောက်ထပ်အဖွဲ့ဝင်သစ်တွေ ဘယ်လောက်ထိ ပူးပေါင်းလာနိုင်မလဲနဲ့ ခိုင်မာတဲ့ နိုင်ငံရေးသဘောတူညီချက်တွေ ရရှိရေးသာ ဖြစ်ပါတယ်။










