
ယူကရိန်းနိုင်ငံ ကီးယိဗ်မြို့မှာ ဇူလိုင် ၂၄ ရက်က ပြုလုပ်တဲ့ ကာကွယ်ရေး စက်မှုလုပ်ငန်းဆိုင်ရာ အခမ်းအနားတခုကို ရုရှားရဲ့ ပဲ့ထိန်းဒုံးကျည် ထိမှန်ခဲ့တာကြောင့် လူ ၁၀ ယောက်သေဆုံးပြီး ၁၀၀ နီးပါး ဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်း တာဝန်ရှိသူတွေနဲ့ စက်မှုလုပ်ငန်း ကိုယ်စားလှယ်တွေက ပြောပါတယ်။
သမ္မတ ဇလန်းစကီးကတော့ ထိမှန်ခဲ့တဲ့ ပစ်မှတ်အတိအကျကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေမဲ့ ဘာတွေ ဖြစ်ပျက်ခဲ့သလဲဆိုတာ စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ဇီလန်းစကီးက "ရုရှားရဲ့ ဒုံးကျည်နဲ့ တိုက်ခိုက်ခံရပြီးနောက် ကီးယိဗ်ဒေသမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်" လို့ တယ်လီဂရမ်ကနေတဆင့် ပြောပါတယ်။
အစောပိုင်းရရှိထားတဲ့ သတင်းတွေအရ အခမ်းအနားကျင်းပနေတဲ့ ပုဂ္ဂလိက လေ့ကျင့်ရေးကွင်း တခုကို ပဲ့ထိန်းဒုံးကျည် ထိမှန်ခဲ့တာလို့ ကီးယက်ဖ်ဒေသရဲ့ ခေတ္တအုပ်ချုပ်ရေးမှူး ရုစ်လန်အိုလီညစ်ခ် က ပြောပါတယ်။
ယူကရိန်းကာကွယ်ရေးစက်မှုကောင်စီကလည်း ကာကွယ်ရေးကဏ္ဍက ကိုယ်စားလှယ်တွေ ရောက်ရှိနေတဲ့ နေရာတခုကို ဒုံးကျည် ထိမှန်ခဲ့တာမှန်ပေမဲ့ သူတို့အနေနဲ့ အဲဒီအခမ်းအနားကို ဦးစီး ကျင်းပခဲ့တာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် တက်ရောက်သူတွေရဲ့ တည်နေရာ အတိအကျကိုလည်း အများပြည်သူသိအောင် ထုတ်ပြန် ထားတာမျိုး မရှိဘူးလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ယူကရိန် ဒရုန်းကုမ္ပဏီ First Contact ရဲ့ တည်ထောင်သူ ဗာလာရီ ဘိုရိုဗစ်ကတော့ ကာကွယ်ရေး စက်မှုဆိုင်ရာ ပြပွဲကျင်းပနေတဲ့ လေ့ကျင့်ရေးကွင်းကို ဒုံးကျည်ထိမှန်ခဲ့တာဖြစ်ကြောင်း ယူကရိန်း မီဒီယာတွေကို ပြောပါတယ်။
ဒီအခမ်းအနား စီစဉ်ကျင်းပမှုနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေဘက်က တာဝန်ပျက်ကွက်မှုတွေ ရှိခဲ့သလား ဆိုတာကို စုံစမ်းဖို့ ရာဇဝတ်မှုဆိုင်ရာ အမှုဖွင့် အရေးယူထားကြောင်း ယူကရိန်း ရှေ့နေချုပ် ရုစ်လန် ကရာ့ဗ်ချန်ကိုက ပြောပါတယ်။
ရုရှားဟာ နောက်ထပ် ၄၈ နာရီအတွင်း ယူကရိန်းကို ဒုံးကျည်တွေနဲ့ ထပ်မံတိုက်ခိုက်လာနိုင်သလို လာမဲ့လတွေအတွင်း တပ်အင်အားတိုးမြှင့်ဖို့လည်း ရည်ရွယ်ထားတယ်လို့ ယူကရိန်းသမ္မတ ဇလန်စကီးက ဇူလိုင် ၂၄ ရက် ညပိုင်း ဗီဒီယိုမိန့်ခွန်းမှာ သတိပေးပြောကြားထားခဲ့တာပါ။
ယူကရိန်း ထောက်လှမ်းရေးနဲ့ မဟာမိတ်တွေဆီမှ ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ ရုရှား ဟာ ယူကရိန်းကို အကြီးစား ဒုံးကျည်နဲ့ ထပ်မံတိုက်ခိုက်ဖို့ ပြင်ဆင်ထားပြီး ဒီတိုက်ခိုက်မှုဟာ ဒီနေ့မှာ တင် ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရုရှားဟာ အခုဆောင်းဦးရာသီမှာ တပ်သားသစ် စုဆောင်းပွဲအသစ် လုပ်ဆောင်ဖို့ ပြင်ဆင် နေတယ်လို့လည်း ထောက်လှမ်းရေးသတင်းတွေက ညွှန်ပြနေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ရုရှားအနေနဲ့ တပ်သားသစ်ရရှိမှုထက် စစ်မြေပြင်မှာ ထိခိုက်သေဆုံးမှုက ပိုများနေပေမဲ့ သမ္မတ ပူတင်ဟာ တိုက်ခိုက်မှုတွေကို ပိုမိုပြင်းထန်အောင်လုပ်ပြီး စစ်ပွဲကို ချဲ့ထွင်ဖို့ စိတ်ကူး ထားတာကြောင့် အကြမ်းဖက်စစ်ဆင်ရေးတွေမှာ ပါဝင်ဖို့ လူအင်အား ပိုမိုလိုအပ်နေတာ ဖြစ်ပါတယ်။
တခြားတဖက်မှာလည်း ယူကရိန်းအနေနဲ့ အမေရိကန်သမ္မတနဲ့ တွေ့ဆုံဖို့ ပြင်ဆင်နေပြီး ယူကရိန်း ပြည်သူတွေနဲ့ အသက်အန္တရာယ် ကာကွယ်ရေး ကြိုးပမ်းမှုတွေမှာ ပံ့ပိုးကူညီပေးနေတဲ့ အမေရိကန်နဲ့ မဟာမိတ်တွေကို ကျေးဇူးတင်ကြောင်း ဇလန်စကီးက ဖြည့်စွက်ပြောပါတယ်။
Source:Reuters











