DVB Logo
Home
နိုင်ငံတကာ
ထိုင်းတက္ကသိုလ်ကျောင်းသား ၂ ဦး ကျားဖြန့်ဂိုဏ်း၏ ပြန်ပေးဆွဲငွေညှစ်ခံရ၊ ဘတ် ၉ သိန်းခန့် ဆုံးရှုံး 
DVB
·
July 17, 2026
Photo: Workpoint News
Photo: Workpoint News
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက် ရန်းဆစ်နယ်မြေထဲမှာ တက္ကသိုလ်ကျောင်းသား ၂ ယောက် ကျားဖြန့်ဂိုဏ်းရဲ့ လိမ်လည်ဖြားယောင်း ပြန်ပေးဆွဲခံရပြီး ဘတ်ငွေ ၉ သိန်းခန့်လည်း ဆုံးရှုံးသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ရန်းဆစ်နယ်မြေ နာမည်ကြီးတက္ကသိုလ်တခုက ဒုတိယနှစ်ကျောင်းသား ၂ ယောက် (အသက် ၁၉-၂၀ နှစ်ရွယ်) ဟာ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းရဲ့ လိမ်လည်ဖြားယောင်းမှုခံရပြီး ငွေညှစ်ခံနေရတယ်လို့ တိုင်ကြားချက်တာကြောင့် ပတ်ခလောင်းရန်းဆစ်နယ်မြေ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက စီစီတီဗီကင်မရာတွေကနေပါ စုံစမ်းစစ်ဆေးပြီး ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်က သွားရောက်ကယ်တင်ခဲ့ကြတယ်လို့  ဆိုပါတယ်။

ပတ်ခလောင်းရန်းဆစ်ရဲစခန်း တာဝန်ကျရဲမှူးကြီး ဖမွန်းဖိဘွန်းနဲ့တကွ တာဝန်ရှိသူတွေဟာ  ရန်းဆစ်နယ်မြေ တည်းခိုခန်းတခုရှေ့မှာ ကျောင်းသားလေးရဲ့ ဆိုင်ကယ် ရပ်နားထားတာကို တွေ့ပြီး သူတို့ရှိရာအခန်းကို ကီးကတ်နဲ့ သွားဖွင့်ကြတယ်၊ အခန်းထဲမှာ ကျောင်းသားလေးနှစ်ယောက်က ခြေထောက်နှစ်ဖက်မှာရော ပါးစပ်ကိုပါ အဝတ်နဲ့ ချည်နှောင်ပိတ်စည်းထားတဲ့ပုံစံ တွေ့ရပါတယ်။

ကလေးနှစ်ယောက်က သူတို့ကို ရဲအစစ်လား ရဲအတုလား မေးပြီး အလွန်ကြောက်ရွံ့ တုန်လှုပ်နေတယ်၊ ရဲတွေက မကြောက်ဖို့၊ သူတို့ဟာ ရဲအစစ်တွေပါ၊ ကူညီဖို့လာတာပါလို့ အထောက်အထားနဲ့အတူ ထုတ်ပြတော့မှ ရဲတွေကို ဖက်ပြီး ငိုကြွေးကြတယ်၊ သူတို့ကို ရဲအရာရှိယောင်ဆောင်တဲ့ ကျားဖြန့်က အဲဒီတည်းခိုခန်းမှာ လာနေခိုင်းပြီး မိမိကိုယ်မိမိ ပြန်ပေးဆွဲခံရသူလို ကိုယ့်ကိုယ်ကိုယ် ကြိုးတုတ်ကာ မိဘထံ ဆက်သွယ် ငွေလွှဲခိုင်းတယ်၊ တချိန်လုံး ဗွီဒီယိုကောလ်ခေါ်ပြီး လှုပ်ရှားမှုတွေ မပြတ်စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

ရဲတွေဝင်လာတဲ့အထိ ဗွီဒီယိုကောလ် ဖွင့်ထားဆဲဖြစ်တယ်၊ ရဲအစစ်က ဗွီဒီယိုကနေ ဘယ်သူလဲ ဘယ်ကလဲလို့ မေးရာမှာ တဘက်ကလည်း သူဟာ ရဲအစစ်ဖြစ်တယ်၊ မင်းတို့က ရဲအတုလားလို့ မချေမငံ ပြန်ပြောပါသေးတယ်။ ရဲက သူ့ကို ကိုယ်ထင်ပြခိုင်းရာမှာတော့ ဗွီဒီယို ပြန်ပိတ်သွားတယ်၊ ခေါ် ဆိုနေတဲ့ ဖုန်းရဲ့တည်နေရာဟာ နိုင်ငံခြားမှာ ဖြစ်နေပါတယ်။

ခဏအကြာမှာတော့  နယ်က မိဘတွေပါ အဲဒီနေရာကို ရောက်လာတယ်။ သူတို့ကို စတုတ္ထနှစ် ကျောင်းသားတယောက်က အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။ ကျောင်သားလေးနှစ်ယောက်က သူတို့ပိတ်လှောင်ခံထားရကြောင်း အသိဖြစ်တဲ့ အဆိုပါကျောင်းသားကို ဆက်သွယ်ပြောဆိုခဲ့ရာ အဆိုပါ နှစ်ကြီးကျောင်းသားက ရဲစခန်းမှာ တိုင်ချက်ဖွင့်ပေးခဲ့ပါတယ်။

ကျားဖြန့်ငွေလိမ်ဂိုဏ်းဟာ ကလေးနှစ်ယောက်ကို လွန်ခဲ့တဲ့နှစ်ပတ်က ဖြေဆိုထားတဲ့ နိုင်ငံခြားတက္ကသိုလ် ပညာတော်သင်ဆု အောင်မြင်ကြောင်း စာရွက်စာတမ်းအတုတွေပြပြီး လိမ်လည်ခဲ့တယ်၊ နိုင်ငံခြား (အမေရိကန်) မှာ ကျောင်းသွားတက်ဖို့ ဗီဇာကြေး‌ရော လမ်းခရီးစရိတ်နဲ့ အခြားဝန်ဆောင်မှုစရိတ်တွေအတွက် တယောက်ကို ဘတ် ၄၅၀,၀၀၀ ကျသင့်ကြောင်း ပြောပါတယ်။

ဒါ့အပြင် တက္ကသိုလ်ကထိက ဒေါက်တာအဖြစ် အယောင်ဆောင်ထားတဲ့ LINE နဲ့ တက္ကသိုလ် ဖေ့စ်ဘွတ်ခ်ပါ ဆက်သွယ်ခိုင်းတယ်၊ အဆိုပါဆရာကလည်း မိဘတွေယုံကြည်အောင် စာရွက်စာတမ်းတုတွေ ပြပြီး လိမ်လည်ပြောဆိုခဲ့ပါသေးတယ်။

မိဘ အုပ်ထိန်းသူတွေကလည်း အစကတော့ မိမိသားဖြစ်သူ နိုင်ငံခြားမှာ ကျောင်းသွားတက်ရတော့မယ် ဆိုတော့ ပျော်နေကြတယ်။ ငွေရှာပြီး ပို့ပေးခဲ့တယ်။ ပထမတခေါက် ၃၅၀,၀၀၀ ပို့ပြီး ကျန်တဲ့ ၁ သိန်းကို သားရဲ့ ဘဏ်အကောင့်ထဲက ထုတ်ဖို့ပြောတယ်။ ဒါပေမဲ့ သားက အဲဒီငွေ ထုတ်လို့ မရတော့ဘူးလို့ ပြောပါတယ်။ ဒါ့အပြင် တက္ကသိုလ်ဆရာက နောက်ထပ် ဘာကြေး ညာကြေး ပြောပြီး ထပ်တောင်းတယ်၊ မသင်္ကာစရာတွေ ဖြစ်လာတာကြောင့် တက္ကသိုလ်ဆရာ ဖေ့စ်ဘွတ်ခ်ကို စစ်ဆေးရာမှာ အတုဖြစ်နေတယ်၊ LINE ကိုလည်း ပိတ်သွားတယ်၊ မိဘကလည်း ရဲစခန်းမှာ သွားတိုင်ထားပါတယ်။ အဲဒီနောက် ပြန်ပေးဆွဲခံရတဲ့ပုံစံနဲ့ ထပ်မံငွေညှစ်ခံရတာလို့ ပြောပါတယ်။

Source: Workpoint News / CH8 TV News

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013