
ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် မြန်မာစစ်အာဏာရှင် အစိုးရက ထုတ်ပေးတဲ့ ဘယ်သူဘယ်ဝါဖြစ်ကြောင်း အသိအမှတ်ပြုလက်မှတ် (CI) စာအုပ် မဖြစ်မနေလုပ်ရတဲ့ စနစ်ကို ဖယ်ရှားပေးဖို့နဲ့ ပန်းရောင်ကတ်၊ Work Permit နဲ့သာ တရားဝင် နေထိုင်အလုပ်လုပ်ခွင့်ပေးဖို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက စုပေါင်းတောင်းဆို ပါတယ်။
မြန်မာရွှေ့ပြောင်းလုပ်သားများ ကိုယ်စားပြု ညှိနှိုင်းရေးကော်မတီ (MMWRCCT) အဖွဲ့က အောက်တိုဘာလထဲမှာ လူထုလှုပ်ရှားမှုကို စတင်နေပြီး အဓိကအချက် ၄ ချက်နဲ့ ထိုင်းအစိုးရ တာဝန်ရှိသူတွေဆီကို စုပေါင်း တောင်းဆိုသွားမယ်လို့ သိရပါတယ်။
MMWRCCT ယာယီကော်မတီအဖွဲ့ဝင် ကိုနေမျိုးဇင်က “အလုပ်သမားတွေက CI မလုပ်ချင်ဘူး။ ဘာကြောင့်လဲဆိုတော့ ငွေကြေး မတတ်နိုင်တာက တချက်၊ ဒီ ပေးဆောင်ရမယ် ဆိုတဲ့ ငွေကြေး ဟာ ကျနော်တို့ မြန်မာပြည်သူတွေ၊ မိဘပြည်သူတွေကိုပဲ ပြန်လည် သတ်ဖြတ်မဲ့ စစ်သုံးစရိတ် ဖြစ်သွားမှာဆိုတာကို သိတဲ့အတွက်ကြောင့် မပေးဆောင်ချင်တာက တချက် ဖြစ်ပါတယ်။ ဒါ့အပြင် အဆင့်ဆင့်သော ပွဲစားတွေရဲ့ ခေါင်းပုံဖြတ်မှုကိုလည်း သူတို့ လက်မခံချင်တာပါ။ စစ်ကောင်စီက ထုတ်ပေးတဲ့ CI နဲ့ passport ကို မလိုချင်ဘူး၊ မလုပ်ချင်ဘူး။ ဒါကြောင့် ထိုင်းနိုင်ငံ အစိုးရတာဝန်ရှိသူတွေကို CI နဲ့ passport မရှိဘဲနဲ့ ယခင်ကာလတွေတုန်း ကတည်းက အဆင်ပြေပြေရှိခဲ့တဲ့ ပန်းရောင်ဘတ်နဲ့ ကျနော်တို့ work permit ကိုပဲ အသိအမှတ်ပြုပြီး နေထိုင်ခွင့်ပေးဖို့ဆိုတဲ့ လူထုလှုပ်ရှားမှုအစီအစဉ် ကျနော်တို့ စတင်ပါတယ်။ ဒါ ပထမဆုံးလှိုင်း ဖြစ်ပါတယ်”လို့ ပြောပါတယ်။
CI စာအုပ်ပြုလုပ်ခ တရားဝင် သတ်မှတ်တာက ဘတ် ၂,၆၆၀ ဖြစ်ပြီး ထိုင်းနိုင်ငံမှာ စမွတ်ဆာခွန်၊ စမွတ်ပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နဲ့ ချွန်ဘူရီခရိုင်တွေမှာ အောက်တိုဘာ ၁၄ ရက်ကစပြီး စီအိုင် စင်တာ ၅ ခုမှာ ပြုလုပ်ဖို့ ဖွင့်လှစ်ထားပါတယ်။
ဒါပေမဲ့ လက်တွေ့မှာတော့ CI စာအုပ် ပြုလုပ်ခက ပွဲစားခအပါ ဘတ် ၅,၀၀၀ ကျော် ပေးရပြီး၊ စစ်အာဏာရှင်လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ကောက်ခံတဲ့ လစာရဲ့ ၂ ရာခိုင်နှုန်း၊ မိသားစုထံ လွှဲပို့ငွေ ၂၅ ရာခိုင်နှုန်း အထောက်အထားတွေကို ပြသပြီးမှ လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။
CI လုပ်ဆောင်ရာမှာ ကုန်ကျစရိတ်အပြင် မိသားစုထံ ငွေပို့တဲ့ အထောက်အထားနဲ့ အခွန်ပါ ပေးဆောင်ရတဲ့အတွက် အလုပ်သမားတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်တယ်လို့ စမွတ်ဆာခွန်က အမျိုးသမီးလုပ်သား တယောက်က ပြောပါတယ်။
“ကိုယ့်အခြေခံ ရတဲ့ လစာနဲ့ မိသားစုဆီ ထောက်ပံ့ရမဲ့ ငွေပမာဏနဲ့ အဲလိုတွေ အဆင်မပြေတဲ့သူ တွေ ရှိတယ်။ အဆင်ပြေတဲ့သူတွေလည်း ရှိတယ်ပေါ့။ အများစုက အဆင်မပြေတာများတယ်။ အခုလက်ရှိကျတော့ ဒီ MOU တွေ ဆိုရင် သက်တမ်း နှစ်တိုင်း တိုးနေရတယ်။ သက်တမ်း နှစ်တိုင်း တိုးနေရတော့ကျတော့ ဒီ သက်တမ်းတိုးတဲ့အပေါ်မှာ မူတည်ပြီးတော့ ကုန်ကျစရိတ်က တနှစ်တခါ တိုးရတာဆိုတော့ သတ်မှတ်ထားလို့ ရတယ်။ ကျမပြောချင်တာ ဒီ CI ကို လုပ်လိုက်မယ်ဆိုရင်လည်း အချက်အလက်တွေလည်း ပေးရမယ်၊ အခွန်လည်း ဆောင်ရမယ်။ အဲဒါကို အဓိက ဆန့်ကျင်တာပေါ့။”
စစ်အာဏာရှင်လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနရဲ့ စာရင်းအရ ၂၀၂၆ ဖေဖော်ဝါရီလကနေ ဩဂုတ် ၁၆ ရက်အထိ CI စာအုပ်ပေါင်း ၄၂၉,၀၀၀ ကျော် ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိလုပ်ငန်းစဉ်ကို ၂၀၂၇ ဇန်နဝါရီ ၁၄ ရက်အထိ ဆောင်ရွက်သွားမှာဖြစ်ပြီး CI စာအုပ် ရရှိသူတွေဟာ ရက်ပေါင်း ၉၀ အတွင်း နေထိုင်ခွင့်ဗီဇာ လျှောက်ထားရမှာပါ။
လုပ်ငန်းစဉ် တခုလုံးကို ၂၀၂၇ ဇွန်လ ၃၀ ရက်အတွင်း အပြီးလုပ်ဆောင်ရမှာဖြစ်ပြီး အလုပ်လုပ် နေထိုင်ခွင့်ကို ၂၀၂၇ ဒီဇင်ဘာ ၁၁ ရက်အထိ ခွင့်ပြုထားတယ်လို့ သိပါတယ်။
ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ အောက်တိုဘာ ၁၄ ရက် ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံမှာ နေထိုင်အလုပ်လုပ်နေတဲ့ မြန်မာလုပ်သား ၄ ဒသမ ၁ သန်း အထိ ရှိပြီလို့ သိရပါတယ်။
၂၀၂၅ ခုနှစ် ပြည်ပရောက်အလုပ်သမားတွေဆီကနေ မိသားစုဆီပြန်ပို့ငွေ အမေရိကန် ဒေါ်လာ ၅ ဒသမ ၆ ဘီလီယံကျော်ရခဲ့တယ်လို့ စစ်အာဏာရှင်အစိုးရအဖွဲ့ရဲ့ အလုပ်သမားဝန်ကြီး ဦးမောင်မြင့်က အောက်တိုဘာ ၁၅ ရက်ကလုပ်တဲ့ စစ်အာဏာရှင်လွှတ်တော် အစည်းအဝေးမှာ ပြောပါတယ်။
အဲဒီပမာဏဟာ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း သဘာဝဓာတ်ငွေ့ရောင်းရငွေကနေ စစ်အုပ်စုက ရခဲ့တဲ့ အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ နီးပါးထက် ပိုများနေတာဖြစ်ပါတယ်။
ဇွဲသစ်











