
ကရင်နီပြည်နယ်၊ နန်းမယ်ခုံမြို့နယ်မှာ စပါးခင်းတွေထဲကို ခရုတွေရောက်နေပြီး စပါးခင်းတွေကို ဖျက်ဆီးတာကြောင့် တောင်သူတွေ မိုးစပါးစိုက်ပျိုးရေးမှာ ပျက်စီးဆုံးရှုံးမှုတွေ ရှိနေတယ်လို့ နန်းမယ်ခုံမြို့နယ် ဒေသခံတယောက်က ဇွန် ၉ ရက်မှာ ပြောပါတယ်။
နန်းမယ်ခုံမြို့နယ်က စိုက်ပျိုးဧက ၃,၀၀၀ ဝန်းကျင်မှာ ဧက ၁၀၀ ကျော် ၂၀၀ ဝန်းကျင်က ခရုကြောင့် ပျက်စီးခဲ့ရပြီး နောက်ထပ်ပိုဆိုးတာတွေ ကြုံနိုင်တယ်လို့ သိရပါတယ်။
နန်းမယ်ခုံဒေသခံ အမျိုးသားတယောက်က “ခရုက တော်တော်လေးကို ပွားတဲ့အခြေအနေမှာ ရှိနေတယ်။ စပါးက အပင်ထွက်ကတည်းကကို ခရုက လိုက်စားသွားတာ။ ခရုတွေ လိုက်ကောက်တယ်၊ ဒါပေမဲ့ သူ့ဟာက မျိုးမတုံးနိုင်ဘူး ဖြစ်နေတာရော။ ပိုးသတ်ဆေးလည်း မနိုင်ဘူး။ စပါးပင်တွေကိုစားလို့ အပင်တွေသေတယ်” လို့ ပြောပါတယ်။
သွင်းကုန်ပို့ကုန်အခက်အခဲတွေ၊ ကုန်စျေးနှုန်းကြီးမြင့်မှုတွေ၊ စိုက်ပျိုးနိုင်တဲ့ပမာဏ နည်းပါးတာတွေကြောင့် စပါးစိုက်ပျိုးဖို့ အခက်အခဲရှိနေတဲ့အပြင် ခရုတွေကြောင့်လည်း ဆုံးရှုံးနေရတယ်လို့ သိရပါတယ်။
နွေစပါးစိုက်ပျိုးရာမှာလည်း စပါးခင်း ဧက ၁၀,၀၀၀ မှာ ဧက ၃,၀၀၀ လောက်က ခရုတွေကြောင့် ပျက်စီးခဲ့ရတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ခရုတွေရန်က ကာကွယ်ဖို့ လက်နဲ့ကောက်တာ၊ ရေသွင်းရေထုတ်စနစ်ကို သေချာထိန်းချုပ်လုပ်ကိုင်တာ၊ ကန်သင်းကို ခရုမပွားအောင် သေချာပြုပြင်တာ၊ ခရုကို အပုပ်ခံပြီး အခင်းထဲပြန်ထည့်တာတွေ ပြုလုပ်ကြဖို့ကိုလည်း တိုက်တွန်းထားတာတွေ ရှိနေပါတယ်။
နန်းမယ်ခုံမြို့နယ်အပြင် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းနဲ့ လယ်စိုက်ခင်း ရေရှိရာနေရာ စိုက်ခင်းတွေတိုင်းလိုလိုမှာ ခရုတွေရှိနေပြီး စပါးခင်းတွေကို ဖျက်ဆီးတာကြောင့် တောင်သူတွေ အခက်အခဲကြုံတွေ့နေရတယ်လို့ သိရပါတယ်။











