
ကျူးဘားနိုင်ငံမှာ ဒီဇယ်နဲ့ လောင်စာဆီ လုံး၀ပြတ်လပ်နေပြီလို့ စွမ်းအင်ဝန်ကြီး ဗင်းဆင့်တေ ဒဲလာအိုလက်ဗီက နိုင်ငံပိုင်သတင်းဌာနကို အတည်ပြု ပြောပါတယ်။
အမေရိကန်ဦးဆောင်တဲ့ အရေးယူပိတ်ဆို့မှုကြောင့် ဓာတ်ငွေ့ဆိုရင်လည်း အနည်းငယ်သာ ကျန်ရှိတော့ကြောင်း အင်တာဗျူးအစီအစဉ်မှာ ဖြေဆိုသွားပါတယ်။
အခုလိုမျိုး ရေနံတင်သွင်းနိုင်စွမ်း ကျပ်တည်းလာတာနဲ့အမျှ ကျူးဘားနိုင်ငံရဲ့ စွမ်းအင်စနစ်က “အလွန်စိုးရိမ်ရတဲ့ အခြေအနေကို” ရောက်နေပြီဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ကျူးဘားမြို့တော် ဟာဗားနားလိုမျိုး နေရာတွေမှာတောင် တရက်ကို နာရီ ၂၀ ကနေ ၂၂ နာရီအထိ လျှပ်စစ်မီး ပြတ်တောက်နေသလို ဆန့်ကျင်ဆန္ဒပြမှုတွေလည်း နေရာအနှံ့ ပေါ်ပေါက်လာခဲ့ကြောင်း သိရပါတယ်။
ပုံမှန်အားဖြင့် ကျူးဘားဟာ သူတို့ရဲ့ ရေနံသန့်စင်ရေးစနစ်အတွက် ဗင်နီဇွဲလားနဲ့ မက္ကဆီကိုဆီက ထောက်ပံမှုကို အဓိကမှီခိုနေရတာ ဖြစ်ပါတယ်။
ဒါဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကျူးဘားအတွက် လောင်စာဆီပေးပို့တဲ့ နိုင်ငံတွေကို အခွန်တိုးကောက်မယ်ဆိုပြီး ခြိမ်းခြောက်ထားတဲ့အလျောက် အဲဒီနှစ်နိုင်ငံရဲ့ ရေနံတင်ပို့မှု များစွာ လျော့ကျလာခဲ့ပါတယ်။
ဒါကြောင့် ကျူးဘားပြည်တွင်းမှာ စာသင်ကျောင်းနဲ့ အစိုးရရုံးတွေ ပိတ်ထားရသလို အရေးပါတဲ့ ဆေးရုံတွေလည်း ပုံမှန်အတိုင်း လည်ပတ်နိုင်ခြင်း မရှိတော့ပါဘူး။
ဒါ့အပြင် ကျူးဘားစီးပွားရေးရဲ့ အသက်သွေးကြောဖြစ်တဲ့ ခရီးသွားလုပ်ငန်းကလည်း အတော်လေးကို ထိခိုက်နစ်နာမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။
အဲဒီနောက် အမေရိကန်ဘက်က ကျူးဘားရဲ့ ကွန်မြူနစ်စနစ်မှာ အဓိပ္ပာယ်ပြည့်၀တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဖော်ဆောင်ပေးမယ်ဆိုရင် အပြန်အလှန်အားဖြင့် ဒေါ်လာ သန်း ၁၀၀ အကူအညီပေးမယ်ဆိုပြီး ကမ်းလှမ်းထားပါတယ်။
ဒါပေမဲ့လည်း အမေရိကန်ရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး ကမ်းလှမ်းချက်ကို ဟာဗားနားအစိုးရအနေနဲ့ ငြင်းပယ်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက ပြီးခဲ့တဲ့အပတ်မှာ ပြောကြားပါတယ်။
အလားတူ မေလအစောပိုင်းမှာ ကျူးဘားရဲ့ ထိပ်တန်းတာဝန်ရှိသူတွေကို “လူ့အခွင့်အရေးချိုးဖောက်တယ်” လို့ စွပ်စွဲပြီး အမေရိကန်က ဒဏ်ခတ်အရေးယူခဲ့တာကြောင့် ဟာဗားနားအပေါ် ဝါရှင်တန်ရဲ့ ပိတ်ဆို့မှုဟာ ပိုမိုပြင်းထန်လာခဲ့ပါတယ်။
Source: Reuters










