DVB Logo
Home
မြန်မာသတင်း
အမ်းမြို့နယ်တွင် စိတ်ကျန်းမာရေးမကောင်းသည့်အမျိုးသမီးကို အဓမ္မကျင့်ခဲ့သူအား ဖမ်းဆီးအမှုဖွင့်
DVB
·
October 25, 2026
Photo: AA
Photo: AA
Donate to DVB

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ တပ်တောင်မြို့မှာ စကားမပြောတတ်တဲ့ စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသမီးတယောက်ကို မုဒိမ်းမှုကျူးလွန်ခဲ့သူကို ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ AA ရဲ့ မှုခင်းသတင်းဌာနက ထုတ်ပြန်ပါတယ်။

ဖမ်းဆီးခံရသူဟာ အသက် ၄၄ နှစ်အရွယ် ဦးအောင်သန်းရွှေဖြစ်ပြီး တရွာထဲနေ အသက် ၃၁ နှစ်အရွယ် စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီးကို ကျူးလွန်ခဲ့တာလို့ အာရက္ခမှုခင်းနဲ့ ဆက်စပ်သတင်းများ ထုတ်ပြန်ရေးအဖွဲ့က ဒီကနေ့ အောက်တိုဘာ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။

အမ်းက AA နဲ့နီးစပ်သူ အမျိုးသားတယောက်ကလည်း အခုဖြစ်စဉ်မှန်ကန်ကြောင်းနဲ့ ကျူးလွန်သူကို ဥပဒေအရအရေးယူဆောင်ရွက်ဖို့လုပ်နေတယ်လို့ ပြောပါတယ်။

“ကျူးလွန်သူကိုတော့ ထိရောက်တဲ့အပြစ်ပေးမှာပါ။ အရင်က မုဒိမ်းမှုကျူးလွန်တဲ့ ဖြစ်စဉ်တွေကိုလည်း ဥပဒေအရ အရေးယူဆောင်ရွက်ထားတာတွေရှိပါတယ်” လို့ ပြောပါတယ်။

အောက်တိုဘာ ၁၁ ရက် နေ့လယ် ၁၂ နာရီလောက်က တပ်တောင်မြို့၊ အမှတ် ၂ ရပ်ကွက်မှာ နစ်နာသူအမျိုးသမီးရဲ့ မိခင်ဟာ အိမ်နီးချင်းတယောက်ရဲ့နေအိမ်ကို သွားခဲ့ပြီး သမီးဖြစ်သူကို ထမင်းစားဖို့ လာခေါ်တဲ့အချိန်မှာ သမီးဖြစ်သူဟာ ဦးတိုးလွင်ရဲ့ နေအိမ်ခြံဝင်းထဲကို ဝင်သွားတာကို တွေ့ခဲ့ရတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အဲဒါကြောင့် မိခင်ဖြစ်သူက လိုက်သွားကြည့်တဲ့အခါ ခြံစည်းရိုးဘေးမှာ သမီးဖြစ်သူကို အောင်သန်းရွှေက အဓမ္မပြုကျင့်နေတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီနောက် မိခင်ဖြစ်သူက အောင်သန်းရွှေကို လိုက်လံရိုက်နှက်ဖမ်းဆီးခဲ့ပေမဲ့ အောင်သန်းရွှေဟာ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မိခင်ဖြစ်သူက အောက်တိုဘာ ၁၂ ရက်မှာ နယ်မြေဒီလပ်စခန်းကို သွားရောက်တိုင်ကြားခဲ့ပြီး ဒီလပ်စခန်းက ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်ခဲ့တယ်လို့ ဆိုပါတယ်။

အမှုဖွင့်ပြီးနောက် ဒီလပ်တာဝန်ရှိသူတွေက တရားလိုနဲ့ သက်သေတွေကို စစ်ဆေးတာ၊ အခင်းဖြစ်နေရာကို သွားရောက်စစ်ဆေးတာနဲ့ သက်သေခံပစ္စည်းတွေ သိမ်းဆည်းခဲ့ပြီး ဆက်လက်စုံစမ်းထောက်လှမ်းရာမှာ တရားခံ အောင်သန်းရွှေဟာ တပ်တောင်မြို့တဘက်ကမ်းက ကျွဲကူးတောင်ရွာ ကူးတို့ဆိပ်မှာရောက်ရှိနေတယ်လို့ သိရတာကြောင့် အောက်တိုဘာ ၁၂ ရက် မွန်းလွဲ ၁ နာရီလောက်မှာ သွားရောက်ဖမ်းဆီးခဲ့ပြီး ချုပ်ရမန်ယူစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

စစ်ဆေးမှုအတွင်း အောင်သန်းရွှေက အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် နစ်နာသူနဲ့ တရားခံတို့ကို ဆေးစစ်ဆေးတာ၊ ဖြစ်စဉ်အတွင်း ဝတ်ဆင်ခဲ့တဲ့ အဝတ်အစားတွေကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းတာနဲ့ တခြားလိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကိုလည်း ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

စစ်တွေက စစ်ရှောင်အမျိုးသမီးတယောက်က “ရခိုင်မှာဖြစ်လိုက်ရင် မုဒိမ်းမှုအများဆုံး။ အသက်မပြည့်သေးတဲ့ ကလေးတွေက‌အစ စိတ်မနှံ့တဲ့သူ သက်လတ်ပိုင်းအရွယ်ထိ ကျူးလွန်ခံနေရတာ။ တချို့ဆို ရက်ရက်စက်စက် သတ်ဖြတ်ခံရတာတွေရှိတယ်။ ဒီလိုလူတွေကို အများပြည်သူလူရှေ့မှာ ပြစ်ဒဏ်ချမှတ်ရမယ်။ အဲဒါမှ နောက်လူတွေ မလုပ်ရဲမှာ” လို့ ပြောပါတယ်။

လက်ရှိမှာတော့ အမှုနဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေကို ဆက်လက်ဆောင်ရွက်နေပြီး ဥပဒေအကြံပြုချက်နဲ့အညီ တရားစွဲဆိုသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013