
ကရင်နီပြည်နယ်ထဲက နေရာ ၃ နေရာထက်မနည်းမှာ စစ်အာဏာရှင်တပ်က စစ်ကြောင်း ထိုးနေတာကြောင့် တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး-၂ ဦးဗညားက မေ ၁၂ ရက်မှာ ပြောပါတယ်။
ဖရူဆိုနဲ့ ဘောလခဲအစပ်၊ ဖရူဆိုမြို့နယ်နဲ့ မိုးဗြဲမြို့နယ်တွေမှာ စစ်တပ်က စစ်ကြောင်းထိုးနေလို့ ပြီးခဲ့တဲ့ တပတ်လောက်စပြီး ခုလက်ရှိအထိ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားတာရှိတယ်လို့ သိရပါတယ်။
IEC အတွင်းရေးမှူး-၂ ဦးဗညားက “တိုက်ပွဲက နေရာတော်တော်များများမှာ ဖြစ်နေတယ်။ ဖယ်ခုံ တောင်စလုံး မြောက်စလုံး နားမှာလည်း စစ်ရေးတင်းမာမှု ရှိတယ်။ တပြည်နယ်လုံး အတိုင်းအတာ ကတော့ လမ်းမကြီးတောက်လျှောက် တိုက်ပွဲတွေဖြစ်တယ်။ တချို့နေရာက စစ်ရှောင်အထိ ရောက်တယ်” လို့ ပြောပါတယ်။
စစ်တပ်က မေလထဲမှာ ဖရူဆိုမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေရှိရာ နေရာကိုလည်း စစ်ကြောင်း ထိုးပြီး စစ်ရှောင်တဲတွေကို မီးရှို့တာ၊ စစ်ရှောင်ပြည်သူတွေကို ဖမ်းဆီး ရိုက်နှက်တာ တွေလည်း ရှိနေတာပါ။
IEC အတွင်းရေးမှူး-၂ ဦးဗညားက “စစ်ရှောင်စခန်းတခုကို ဝင်ရောက်ဖျက်ဆီးတာ ရှိတယ်။ စစ်ရှောင်စခန်း နောက်တခုကို ဒရုန်းနဲ့ ဗုံးကြဲတာ ရှိတယ်။ ထိခိုက်သေဆုံးမှု တဦးစ နှစ်ဦးစ ရှိတယ်။ ပျောက်ဆုံးတာလည်း ရှိသေးတယ်။ စစ်ကြောင်းထိုးလိုက် ပြန်ဆုတ်လိုက် လက်ရှိ တွေ့နေရတယ်” လို့ ပြောပါတယ်။
စစ်တပ်က ဖရူဆို-ထားလဲ-နန်းဖဲ လမ်းမတလျှောက် စစ်ကြောင်းထိုးတာ၊ ဖားဆောင်းဘက်မှာ လေကြောင်းကနေ ဗုံးကြဲတာ၊ ဒရုန်းနဲ့ ဗုံးကြဲတာတွေ ရှိနေသလို၊ မိုးဗြဲအစပ်နဲ့ လွိုင်ကော်နား တဝိုက်မှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။










