
စစ်အာဏာရှင်က ရက် ၁၀၀ စီမံချက်နဲ့ ဘားတွေ၊ ကလပ်တွေ၊ စင်တင်ဖျော်ဖြေမှုတွေကို ပိတ်လိုက်တာကြောင့် ရန်ကုန်မြို့မှာ Day Club တွေ ပေါ်လာပြီး NPS အသွင်ပြောင်းမူးယစ်ဆေး သုံးစွဲမှုကလည်း မြင့်တက်လာတယ်လို့ စုံစမ်းမေးမြန်းချက်တွေအရ သိရပါတယ်။
Day Club ဖွင့်သူတွေက စစ်အာဏာရှင်ကို လိုင်းကြေးပေး ဖွင့်ရတာဖြစ်ပြီး တနည်းအားဖြင့် Hi ခန်းလို့လည်း ခေါ်ပါတယ်။
အဆိုပါ Day Club ဟာ Private ပုံစံနဲ့ ငှားရမ်းရတာဖြစ်ပြီး အနည်းဆုံး ၁၀ ယောက်ကနေ ၁၅ ယောက်အထိ ပါဝင်ကာ သီးသန့် DJ သမားလည်း ပါတယ်လို့ သိရပါတယ်။
ဆယ်ကျော်သက် လူငယ်တယောက်က “အဲဒါက အခုမှရှိတာ မဟုတ်ဘူး၊ အရင်ကတည်းက ရှိတယ်။ Private လိုပုံစံမျိုး။ အဲဒီမှာက မူးယစ်ဆေးဝါးတွေလည်း အလွယ်တကူ ဝယ်လို့ရတယ်။ ပြီးတော့ အခုနောက်ပိုင်းက NPS လို့ခေါ်တဲ့ အသွင်ပြောင်း မူးယစ်ဆေးတွေကို ပိုပြီးသုံးလာကြတယ်။ လူငယ်ပိုင်းတွေ အများဆုံးသွားကြတယ်” လို့ ပြောပါတယ်။
Private Day Club ငှားရမ်းခတွေမှာ အပြီးအစီးကို ကျပ် ၄ သိန်းခွဲကနေ ၁၀ သိန်းအထိ ရှိတယ်လို့ သိရပါတယ်။
NPS အသွင်ပြောင်းမူးယစ်ဆေး ဆိုတာ ဆေးခြောက်၊ ကိုကင်း၊ အက်တက်စီ (Ecstasy) စတဲ့ တရားမဝင် မူးယစ်ဆေးတွေရဲ့ အာနိသင်နဲ့ ဆင်တူအောင် ဓာတုဗေဒနည်းပညာ အသုံးပြုပြီး ပြုပြင်ထုတ်လုပ်ထားတဲ့ စိတ်ကို ပြောင်းလဲစေနိုင်တဲ့ မူးယစ်ဆေးဝါးတွေ ဖြစ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ဇွန်လတုန်းက Private Day Club တခုဖြစ်တဲ့ ပါရာဒိုက် ကိုလည်း စစ်အာဏာရှင်တပ်သားတွေက ဝင်ရောက်ဖမ်းဆီးခဲ့တာကြောင့် DJ သမား အပါအဝင် အယောက် ၂၀ ထက်မနည်း ဖမ်းဆီးခံရပါတယ်။











