အရှေ့အလယ်ပိုင်း စွမ်းအင်အကျပ်အတည်း ဖြစ်နေချိန်မှာ နိုင်ငံရဲ့ ဘတ်ဂျက်ကို ဒေါ်လာ ၁၇ ဘီလီယံအထိ တိုးမြှင့်ဖို့ တောင်ကိုရီးယားသမ္မတ အီဂျယ်မြောင်က လွှတ်တော်ကို တိုက်တွန်းခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းအရေးကြောင့် စွမ်းအင်လုံခြုံရေး အဆိုးရွားဆုံး ခြိမ်းခြောက်မှုထဲမှာ ဖြည့်စွက်ဘတ်ဂျက် ဝမ် ၂၆ ဒသမ ၂ ထရီလီယံ (ဒေါ်လာ ၁၇ ဒသမ ၃ ဘီလီယံ) ပေးဖို့ တိုက်တွန်းခဲ့တာပါ။
“စစ်ပွဲက မနက်ဖြန်ပြီးမယ်ဆိုရင်တောင် အရှေ့အလယ်ပိုင်းမှာရှိတဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေ ပြန်ပြုပြင်ဖို့နဲ့ ပုံမှန်အတိုင်း လည်ပတ်နိုင်ဖို့ အချိန်ယူရမှာပါ” လို့ အီက ရုပ်သံမိန့်ခွန်းကနေ လွှတ်တော်ကို ပြောဆိုခဲ့ပါတယ်။
လွှတ်တော်ဟာ ဘတ်ဂျက်အပိုတောင်းမှုကို ဧပြီ ၁၀ ရက်မှာ အတည်ပြုပေးမယ်လို့ မျှော်လင့်ရပါတယ်။ အစိုးရတော့ လွှတ်တော်ကနေ ဘတ်ဂျက်အတည်ပြုချက်ရတာနဲ့ ချက်ချင်းအသုံးပြုဖို့ စီစဉ်ထားပါတယ်။
တောင်ကိုရီးယားဟာ အရှေ့အလယ်ပိုင်းက ရေနံတွေကို အဓိက မှီခိုနေရတဲ့နိုင်ငံဖြစ်ပြီး အီရန်စစ်ပွဲအရေးက နိုင်ငံရဲ့ စွမ်းအင်အသုံးပြုမှုကို ထိခိုက်လာပါတယ်။
ရုပ်ပိုင်းဆိုင်ရာ အနှောင့်အယှက်တွေ ရှိလာပြီဖြစ်တာကြောင့် နိုင်ငံရဲ့ စွမ်းအင်လုံခြုံရေးဆိုင်ရာ သတိပေးမှုကို ဒုတိယအမြင့်ဆုံးအဖြစ် ဗုဒ္ဓဟူးနေ့က မြှင့်တင်ခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံကို ဆီရောက်ရှိမှုဟာ မတ် ၂၀ ရက်က နောက်ဆုံးရောက်ခဲ့တာဖြစ်ပြီး စွမ်းအင်လိုအပ်ချက် ကြီးလာတာပါ။
တောင်ကိုရီးယားဟာ ၂၀၂၄ ခုနှစ်မှာ စွမ်းအင်ဆိုင်ရာ လိုအပ်ချက်အရ အရှေ့အလယ်ပိုင်းက ၅၅ ရာခိုင်နှုန်း တင်သွင်းခဲ့ပြီး အဲဒီပမာဏက ပျမ်းမျှ ဒေါ်လာ ၁၄၄ ဘီလီယံဝန်းကျင် ရှိပါတယ်။
Source: Reuters










