DVB Logo
Home
နိုင်ငံတကာ
နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော တည်ဆောက်မည်ဟု တောင်ကိုရီးယားသမ္မတ ပြော
DVB
·
October 1, 2026
Photo: Reuters
Photo: Reuters
Donate to DVB

တောင်ကိုရီးယားနိုင်ငံရဲ့ ကျယ်ပြန့်တဲ့ ကာကွယ်ရေးပြုပြင်ပြောင်းလဲမှု အစီအစဉ်တရပ်မှာ သမ္မတ အီဂျယ်မြောင်က ၂၀၃၀ ပြည့်လွန်နှစ်တွေ အလယ်ပိုင်းမှာ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေကို တည်ဆောက်သွားမှာဖြစ်ပြီး AI (ဉာဏ်ရည်တု) အခြေပြု ကွပ်ကဲမှုနဲ့ ထိန်းချုပ်မှုစနစ်တွေ၊ စွမ်းအားမြင့် လေဆာနဲ့ ကြားဖြတ်တိုက်ဖျက်နိုင်တဲ့ လက်နက်တွေ အပါအဝင် ဒုံးကျည်ကာကွယ်ရေးစွမ်းရည်တွေကို မြှင့်တင်သွားမယ်လို့ ပြောလိုက်ပါတယ်။

ခေတ်မီအောင်လုပ်တဲ့ လုပ်ငန်းစဉ်မှာ AI စွမ်းရည်တွေ တိုးချဲ့တာ၊ အနာဂတ်စစ်ပွဲပုံစံတွေနဲ့အညီ စစ်တပ်ကို ပြန်ဖွဲ့စည်းတာနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေကို ထောက်လှမ်းသိရှိပြီး ကြားဖြတ် တိုက်ဖျက်နိုင်မဲ့ မဟာဗျူဟာမြောက် ကာကွယ်ရေးစနစ် သုံးရပ်ကို အားကောင်းစေခြင်းတို့ ပါမယ်လို့လည်း သမ္မတက ပြောပါတယ်။

တောင်ကိုရီးယားစစ်တပ်နဲ့ ကုလစစ်တပ်တို့က အပစ်အခတ်ရပ်စဲရေး ချိုးဖောက်မှုလို့ သတ်မှတ်ခဲ့တဲ့ မြေမြှုပ်မိုင်းဖြစ်ရပ်နဲ့ ပတ်သက်ပြီး တောင်နဲ့ မြောက်ကိုရီးယားအစိုးရတို့ အပြန်အလှန် ဝေဖန်ပြောဆိုခဲ့ပြီးနောက် တရက်အကြာ အောက်တိုဘာ ၁ ရက်မှာ တောင်ကိုရီးယားသမ္မတ အီဂျယ်မြောင်က မြောက်ကိုရီးယားကို ယုံကြည်မှု ပြန်လည်တည်ဆောက်ရေးနဲ့ ဆွေးနွေးပွဲတွေ ပြန်လည်စတင်ရေးတို့မှာ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

“အကြာကြီး ရပ်တန့်နေခဲ့ပြီးတဲ့နောက် ယုံကြည်မှု ပြန်လည်တည်ဆောက်ရေးနဲ့ ဆွေးနွေးပွဲတွေ ပြန်စရေး လမ်းကြောင်းပေါ်မှာ မြောက်ကိုရီးယားဘက်က ကျနော်တို့နဲ့အတူ ပူးပေါင်းပါဝင်လာဖို့ မျှော်လင့်ပါတယ်” လို့ တောင်ကိုရီးယားနိုင်ငံရဲ့ တပ်မတော်နေ့ အခမ်းအနား မိန့်ခွန်းမှာ သမ္မတ အီက ပြောပါတယ်။

သူ့အစိုးရအနေနဲ့ “ကိုရီးယားနှစ်နိုင်ငံအကြား စစ်ရေးတင်းမာမှုတွေကို လျှော့ချနိုင်မဲ့ လက်တွေ့ကျတဲ့ အစီအမံတွေကို စဉ်ဆက်မပြတ် လုပ်ဆောင်သွားမယ်” လို့လည်း သူက ထပ်ပြောခဲ့ပါတယ်။

ဒါ့အပြင် သမ္မတ အီက စစ်ဘက်ဆိုင်ရာ စစ်ဆင်ရေးကွပ်ကဲမှု အာဏာကို အမေရိကန်ဆီကနေ တောင်ကိုရီးယားဆီ လွှဲပြောင်းရယူရေး ရည်မှန်းချက်ကိုလည်း ထပ်အတည်ပြု ပြောကြားခဲ့ပြီး ဒီလုပ်ငန်းစဉ်ဟာ ကိုယ်တိုင်ရပ်တည်နိုင်တဲ့ အမျိုးသားကာကွယ်ရေးစနစ် တည်ဆောက်ဖို့ အချိန်ကြာကတည်းက လုပ်ဆောင်လာခဲ့တဲ့ ကြိုးပမ်းအားထုတ်မှုရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

သမ္မတအီရဲ့ အစိုးရဟာ မြောက်ကိုရီးယားနဲ့ ဆွေးနွေးပွဲတွေ ပြန်စဖို့ ကြိုးပမ်းခဲ့ပေမဲ့ မြောက်ကိုရီးယားဘက်က တောင်ကိုရီးယားရဲ့ ကမ်းလှမ်းချက်တွေကို အများအားဖြင့် ငြင်းပယ်ခဲ့ပြီး (စစ်မဲ့ဇုန်) DMZ တလျှောက်မှာ နယ်စပ်ခံစစ်အင်အား တိုးမြှင့်တည်ဆောက်ရေး လုပ်ငန်းတွေကို ဆက်လုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က DMZ အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲလို့ တောင်ကိုရီးယားစစ်သား သုံးယောက် ဒဏ်ရာရခဲ့ပြီးတဲ့နောက် မြောက်ကိုရီးယားက ကိုရီးယားစစ်ပွဲ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်နဲ့ ကုလသမဂ္ဂ ကွပ်ကဲမှုဌာနချုပ် (UN Command) တို့က ပြောခဲ့ပါတယ်။ အဲဒီနောက်မှာ ခုလို မှတ်ချက်စကားတွေ ထွက်ပေါ်လာတာပါ။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ဩဇာကြီးတဲ့ ညီမဖြစ်သူ ကင်မ်ယိုးဂျူံက တွေ့ရှိချက်တွေကို ပယ်ချခဲ့ပြီး တောင်ကိုရီးယားအစိုးရအနေနဲ့ ရလဒ်တွေကို လုပ်ကြံဖန်တီးထားတယ်လို့ စွပ်စွဲရင်း လက်တုံ့ပြန် အရေးယူမယ်လို့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ချက်ထဲကနေ သတိပေး ပြောဆိုခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013