အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ထိပ်သီးဆွေးနွေးပွဲ ရှေ့လာမဲ့လတွေထဲမှာ ကျင်းပနိုင်ခြေရှိပေမဲ့ သေတော့ မသေချာသေးဘူးလို့ တောင်ကိုရီးယားသမ္မတ အီဂျယ်မြောင်က စက်တင်ဘာ ၁၈ ရက်မှာ ပြောပါတယ်။
ထရမ့်ပ်က မြောက်ကိုရီးယားနဲ့ ဆွေးနွေးလိုတာ ထင်ရှားတယ်လို့ သမ္မတ အီက ဆိုးလ်မြို့ သမ္မတအိမ်တော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန် ဆိုပါတယ်။
နှစ်နိုင်ငံ ဆွေးနွေးပွဲဖြစ်လာဖို့ တောင်ကိုရီးယားက ကြိုတင်ညှိနှိုင်းမှုတွေ ဆက်လုပ်နေတယ်လို့လည်း ပြောပါတယ်။
တွေ့ဆုံပွဲဖြစ်ဖို့ “ခက်ခဲနေဆဲဖြစ်ပေမဲ့ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး” လို့ တောင်ကိုရီးယားသမ္မတက ပြောပါတယ်။
ထရမ့်ပ်က ဒီနှစ်နှောင်းပိုင်းမှာ ကင်မ်နဲ့တွေ့ဖို့ စီစဉ်ထားတယ်လို့ ဩဂုတ်လက ပြောထားပါတယ်။
ဒါပေမဲ့ ထရမ့်ပ်ရဲ့ အကြိမ်ကြိမ်ကမ်းလှမ်းမှုတွေကို မြောက်ကိုရီးယားဘက်က ရှင်းရှင်းလင်းလင်း တုံ့ပြန်တာ မရှိသေးပါဘူး။
အမေရိကန်နဲ့ တောင်ကိုရီးယားဟာ ထရမ့်ပ်ရဲ့ ညွှန်ကြားချက်အရ ဩဂုတ်လက ပူးတွဲ စစ်ရေးလေ့ကျင့်ချိန်ကိုလည်း လျှော့ချခဲ့ပါတယ်။
ဒီအခြေအနေကြောင့် မြောက်ကိုရီးယားနဲ့ နျူကလီးယားအရေး ဆွေးနွေးရာမှာ တောင်ကိုရီးယားကို ဘေးဖယ်ထားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ပေါ်လာပါတယ်။
တဖက်မှာလည်း အီရန်စစ်ပွဲမှာ စစ်ရေးအရ ကြားဝင်ဖို့ တပ်ဖွဲ့တွေ၊ စစ်ဘက်ပစ္စည်းတွေ စေလွှတ်မှာ မဟုတ်ဘူးလို့ အီက ပြောပါတယ်။
တောင်ကိုရီးယား ကုန်တင်သင်္ဘောတွေနဲ့ ရေနံသယ်ယူရေးလမ်းကြောင်းတွေကို ကာကွယ်ဖို့ မဖြစ်မနေ လိုအပ်တာတွေကိုပဲ လုပ်ဆောင်မယ်လို့ ဆိုပါတယ်။











